DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသည့် လူငယ်များ စစ်သင်တန်းကျောင်း၌ နှိပ်စက်ခံရသဖြင့် ထွက်ပြေး
DVB
·
October 23, 2024
စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသည့် လူငယ်များ စစ်သင်တန်းကျောင်း၌ နှိပ်စက်ခံရသဖြင့် ထွက်ပြေး
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးတဲ့နောက် တောင်ငူအခြေစိုက် တပ်မဟာ ၆ စစ်သင်တန်းကို ပို့ဆောင်ခံရတဲ့ လူငယ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သင်တန်းကျောင်းမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် ၆ ယောက်က ပြောပါတယ်။  

ဩဂုတ်လအတွင်းက လမ်းသွားလမ်းလာ လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အုတ်ဖိုမြို့နယ် ထွေအုပ်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သာယာဝတီ ၃၅ တပ်ရင်းကို ပို့ဆောင်ခဲ့ကာ အဲဒီကနေတဆင့် တောင်ငူတပ်မဟာ ၆ ကို စစ်သင်တန်း တက်ရောက်ဖို့ ပို့ဆောင်ခံခဲ့ရတာပါ။

ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တယောက်က “အဖမ်းခံရတဲ့ နေ့တွေ၊ နေရာတွေတော့ မတူဘူး၊ ကျနော်တို့ ၆ ယောက်လုံး သွားရင်းလာရင်း ပေါ်တာဆွဲခံရတာတွေချည်းပဲ။ ၉ လပိုင်းမှာ တောင်ငူကို အပို့ခံရတာ၊ အဲဒီရောက်တော့ အလုပ်တွေလည်း ခိုင်းတယ်၊ သူတို့ စိတ်မကြည်ရင် သေနတ်ဒင်နဲ့ထုတယ်၊ ခြေထောက်တွေနဲ့ ကန်တယ်၊ သေးပေါက်သွားတာက အ‌စ နောက်က သေနတ်တွေနဲ့ချိန်ပြီး လိုက်ကြည့်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဖမ်းဆီးလာတဲ့ လူငယ်တွေကို မိမိတို့သဘောဆန္ဒအရ စစ်မှုထမ်းဖို့ စစ်သင်တန်း တက်ရောက်လာခဲ့ရတာ ဖြစ်တယ်ဆိုပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၀ အရွယ် လူငယ်က ပြောပါတယ်။

“မှတ်ပုံတင်တွေလည်း သူတို့ဘာသာ လုပ်တာ၊ ပြီးတော့ စစ်မှုထမ်းရမှာလည်း ၂ နှစ်လို့ပြောပြီး စာချုပ်ထဲမှာက ၅ နှစ် ရေးထားတာ၊ သွေးစစ်လို့မအောင်ရင်လည်း ပြန်လွှတ်မယ်ပြောတာ တယောက်မှ ပြန်မလွှတ်ဘူး။ ထွက်ပြေးရင်လည်း မိသားစုကိုပါ ဒုက္ခပေးမယ် ပြောတယ်၊ ကျနော်တို့လည်း စစ်သင်တန်း ၃ ပတ်တက်ပြီး ထွက်ပြေးလာတာ။”

ထွက်ပြေးလာတဲ့ လူငယ်  ၆ ယောက်ကို တောင်ငူမြို့က ထောက်ပို့ရဲဘော်တယောက်က တွေ့ရှိပြီး အကြောင်းကြားလာတဲ့အတွက် သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ - ၅ ကြို့ပင်ကောက် ဟီးရိုးပြောက်ကျားတပ်ဖွဲ့က ဗိုလ်မိုးကြိုးလေးက ပြောပါတယ်။

ဗိုလ်မိုးကြိုးက “သူတို့ကတော့ ကျနော်တို့နဲ့ အတူတူနေပြီး စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ခုလို လူငယ်တွေကို အမြဲ ကြိုဆိုနေမှာပါ။ အဖမ်းမခံရဖို့လည်း အသွားအလာ ဆင်ခြင်ကြပါ။ ခု ဒီလူငယ်တွေကိုလည်း မီဒီယာတွေနဲ့ အင်တာဗျူး ဖြေခိုင်းတာလည်း နောက်လူငယ်တွေ သူတို့လို အဖမ်းမခံရအောင် အသွားအလာ သတိထားနိုင်ဖို့အတွက်ပါ” လို့ ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့လူငယ်တွေက စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံရတဲ့အပြင် မိသားစုဝင်တွေဆီကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်သွယ်ပြီး ပြန်လွှတ်ပေးပြီးပြီလို့ ပြောကာ ငွေကြေးတွေ လိမ်လည်တောင်းယူခဲ့တယ်လို့လည်း အဆိုပါ လူငယ်တွေက ပြောပါတယ်။

သာယာဝတီခရိုင်အတွင်းက အုတ်ဖိုမြို့နယ် အပါအဝင် တခြားမြို့နယ်တွေမှာ စစ်မှုထမ်း အပတ်စဉ် တခုကို လူ ၄၀ ထက်မနည်း စုဆောင်းပေးရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကလည်း ပေါ်တာဆွဲတာတွေ ပေါ်ပေါ်တင်တင် ပြုလုပ်လာတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013