DVB Logo
Home
နိုင်ငံတကာ
မဲဆောက်တွင် တရုတ်တက္ကသိုလ်ကျောင်းသား  ၃ ဦး ပြန်ပေးဆွဲခံရ
DVB
·
October 22, 2024
မဲဆောက်တွင် တရုတ်တက္ကသိုလ်ကျောင်းသား  ၃ ဦး ပြန်ပေးဆွဲခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်စီးပွားရေးသမား ၂ ယောက် ပြန်ပေးဆွဲခံရသလို ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာလည်း တရုတ်တက္ကသိုလ်ကျောင်းသား ၂  ယောက်နဲ့ ကျောင်းသူတယောက်တို့ ပြန်ပေးဆွဲခံရပါတယ်။ 

ဘန်ကောက် ထွန်းပူးရီတက္ကသိုလ် ပထမနှစ်မှာ ပညာသင်ကြားနေတဲ့ တရုတ်နိုင်ငံသား လူငယ် ၃ ယောက်ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မှာ ပြန်ပေးဆွဲခံထားရကြောင်း အဆိုပါတက္ကသိုလ်မှ ဆရာ ဖြစ်သူက ရဲစခန်းမှာလာရောက်တိုင်ကြားထားလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကယ်တင်ခဲ့တယ်လို့  နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးကြီး နုပ်ဖဆင် ဟွန်းဆဝပ်က ဒီကနေ့ အောက်တိုဘာ ၂၂ မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါလူငယ် ၃ ယောက်ဟာ ကျောင်းတက်ရင်း အလုပ်လုပ်ချင်လို့ အလုပ်အကိုင် ရှာဖွေနေတယ်၊ တနေ့တော့ wechat ထဲက တရုတ်အမျိုးသားယောက်က မဲဆောက်-ဘန်ကောက် ပစ္စည်းပို့ရတဲ့အလုပ်ရှိတယ်၊ လခ ဘတ် တသိန်း ရမယ်လို့ ဆိုတာကြောင့် လက်ခံလိုက်တယ်လို့  ဆိုပါတယ်။ 

အဲဒီနောက် အောက်တိုဘာ ၁၈ ရက်နေ့က ဘန်ကောက်ကနေ မဲဆောက်ကို လေယာဉ်နဲ့ သွားခဲ့တယ်၊ ချိတ်ဆက်ထားတဲ့ဘက်ကနေ လာကြိုပြီး နေအိမ်တလုံးကို ခေါ်သွားတယ်၊ အဲဒီ နေရာရောက်တော့ အပြင်ထွက်ခွင့်မရ၊ လက်နက်ကိုင်ပြီး စောင့်ကြည့်နေသူရှိတယ်၊ ပြီးတော့ သူတို့ဆီကနေ ယွမ်ငွေ ၃ သိန်း (ထိုင်းဘတ် ၁၅ သိန်း) တောင်းတယ်၊ အောက်တိုဘာ ၂၀ ရက် ညသန်းခေါင်ထိ တောင်းတဲ့ငွေမပေးရင် မြန်မာနိုင်ငံဘက်ခြမ်း အဖွဲ့အစည်းထံ ပို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။ 

ကျောင်းသူလေးကလည်း သူတို့လွတ်မြောက်ဖို့ မိခင်ထံအကူအညီလှမ်းပြီး ငွေပို့ပေးဖို့ ပြောတယ်၊ မိခင်ကလည်း ဘတ်ငွေ ၁၀၀,၀၀၀ ပို့ပေးလိုက်တယ်၊ တဘက်မှာလည်း သူတို့အ ဖမ်းခံထားရတဲ့ကိစ္စ wechat နဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတယ်၊ တက္ကသိုလ်ဆရာလည်း ရဲစခန်းမှာ လာတိုင်ထားတယ်၊ ဒါကြောင့် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ ဆက်သွယ်ပြီး ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ 

စုံစမ်းချက်အရ သူတို့ ၃ ယောက်ဟာ တာ့ခ်ခရိုင် ဖုပ်ဖမြို့နယ် ချောင့်ခက်ပ်ကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ရှိ တရုတ်အသိုက်အဝန်း နေအိမ်တွေကြားမှာ ရောက်ရှိနေတယ်၊ ဒါကြောင့် တဘက်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အောက်တိုဘာ ၂၁ ရက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။ 

ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ ဆူထိဆန်မြို့နယ်ထဲက စီးပွားရေးသမား တရုတ်နိုင်ငံသား ၂ ယောက်  အောက်တိုဘာ ၁၉ ရက်က ပြန်ပေးဆွဲခံရတဲ့ကိစ္စမှာတော့ ကျူးလွန်သူ ၅ ယောက်ထဲက ၂ ယောက်ကို ဖမ်းမိပြီလို့  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက်သုဝဏ္ဏဘုမိလေဆိပ်ကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို ထွက်ခွာမဲ့ လျူဝူးဆိုသူ တရားခံတယောက်ကို APPS System နဲ့ ဖမ်းဆီးရမိခဲ့တယ်၊ ဒါ့အပြင် ကြံရာပါ တရုတ်အမျိုးသမီးတယောက်ပါ ဖမ်းမိတယ်။ 

အဆိုပါအမျိုးသမီးဟာ ပြန်ပေးဆွဲခံရသူ တယောက်ရဲ့ ဇနီးဟောင်းဖြစ်ပြီး လက်ရှိ လျူဝူးနဲ့ ပေါင်းသင်းနေတာဖြစ်တယ်၊ အခင်းမဖြစ်ခင်က အဆိုပါအမျိုးသမီးဟာ သူ့ခင်ပွန်းဟောင်းထံ ဖုန်းဆက်ပြီး ငွေထုပ်အသင့်ပြင်ထားဖို့ ပြောခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီဖြစ်ရပ်မှာ ပြန်ပေးဆွဲခံရသူဘက်က ဘတ်ငွေ ၁၂ သန်းကျော် ဆုံးရှုံးခဲ့တယ်၊ သူတို့တွေ ဘာအလုပ်အကိုင်လုပ်သလဲ၊ ကွဲသွားတဲ့ ဇနီးနဲ့ ဘယ်လို အရှုပ်အရှင်းတွေ ရှိနေလဲဆိုတာတော့ ဆက်လက်စုံစမ်းနေတယ်လို့  ရဲကပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:   AEC ThaiNews/ MCOT News / Amarin TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013