DVB Logo
Home
မြန်မာသတင်း
အနန်းကွင်း စစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် KNLA ထံ လက်နက်ချ
DVB
·
October 22, 2024
အနန်းကွင်း စစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် KNLA ထံ လက်နက်ချ
Donate to DVB

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို ပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်သား ၇၀ လောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဆီ  လက်နက်ချလာတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဘက်က လေ‌ကြောင်းအပြင် မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ဗျူဟာစခန်းမကျရေး မုဒုံအမြောက်တပ်၊ ဝဲကလီအမြောက်တပ်နဲ့ တောင်ကလေးကျေးရွာကနေ လက်နက်ကြီးတွေနဲ့ နေ့ည ပစ်ခတ်နေပါတယ်။

အောက်တိုဘာ ၁၈ ရက်က အနန်းကွင်းစစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်ဟာ လက်နက်ချလာတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့တော့ ရဖို့က သိပ်မကြာတော့ဘူး။ တချို့က လက်နက်လာချတယ်။ လက်နက်ချတာ ၇၀ လောက်ရှိပြီ။ စခန်းထဲမှာ သိပ်မကျန်တော့ဘူး။  ဗျူဟာမှူးက နည်းနည်း ခေါင်းမာတယ်။ သူ့မာနနဲ့ သူက မလျှော့ဘူး။ ရှင်းရှင်းပြောရရင် မရှိတဲ့သိက္ခာကို သူ ဆယ်နေတာ။ အခုက ကျနော်တို့ ဗျူဟာမှူး(KNLA) ကိုယ်တိုင် ကွပ်ကဲတယ်။”

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့်  စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ  ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လှုပ်ရှားတာ၊ တပ်စခန်းတွေက ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာ၊ ပစ္စည်းလုယူတာတွေ လုပ်ဆောင်နေတာကြောင့် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရဘူးလို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကို ထိတ်လန့်နေရပြီး တပ်စခန်းတွေ မရှိတော့ရင် ကျေးရွာကလူတွေ ဘာပြဿနာမှ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီ မရှိတော့ဘူးဆိုရင် ကျေးရွာကလူတွေ အတွက်ကတော့ ဘာမှပြဿနာမရှိဘူး။ အဓိကက စစ်ကောင်စီတွေပဲ ထိတ်လန့်နေရတာ။ ဒီဘက်က PDF ကလေးတွေက ဒီလိုမျိုးတွေမရှိဘူး။ ကလေးတွေဝင်ရင် အေးဆေး လုပ်စား ကိုင်စား ရတယ်။ သူတို့(စစ်ကောင်စီ) ဝင်ပြီဆိုတာနဲ့ စိတ်ညစ်ရတယ်။ မထင်ရင် မထင်သလို လုပ်တယ်။ ကျေးရွာက လူတွေက စစ်ကောင်စီတပ်တွေမရှိရင် လွတ်လပ်တယ်” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရတဲ့ တပ်သားသစ်တွေဟာ တာဝန်မထမ်းဆောင်ချင်တာကြောင့် ထွက်ပြေးလာတဲ့ တပ်သားသစ် ၁၀ ယောက် ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ လယ်ယာလုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ရတဲ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စာသင်ကျောင်းတွေပါ ပိတ်ထားရပြီး သားသမီးတွေရဲ့ ပညာသင်ကြားဖို့ အခွင့်အလမ်းတွေပါ ဆုံးရှုံးနေတယ်လို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013