DVB Logo
Home
မြန်မာသတင်း
ထန်တလန်အနီး ဆုံးရှုံးထားသည့်စခန်းအချို့ကို စစ်ကောင်စီ အင်အားသုံးပြန်သိမ်း
DVB
·
October 21, 2024
ထန်တလန်အနီး ဆုံးရှုံးထားသည့်စခန်းအချို့ကို စစ်ကောင်စီ အင်အားသုံးပြန်သိမ်း
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်အနီး ဆုံးရှုံးထားတဲ့စခန်းတွေကို စစ်ကောင်စီတပ်က သာလွန်အင်အားအသုံးပြု ထိုးစစ်ဆင်ကာ ပြန်သိမ်းယူနေတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။

ထန်တလန်မြို့ကို ချင်းလဲန်းကောင်စီနဲ့ မဟာမိတ် CDF တွေက အောက်တိုဘာ လဆန်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းယူခဲ့တာပါ။ 

ဟားခါးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ထန်တလန်မြို့ကို လက်လွှတ်ရရင် ဟားခါးမြို့ပါဆက်ပြီး ကျသွားနိုင်တဲ့ အခြေအနေကြောင့် မြေပြင်အင်အားထောက်ပို့၊ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ အသုံးပြုပြီး ဆုံးရှုံးထားတဲ့ စခန်းတချို့ကို အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့ပါတယ်။

ရက် ၂၀ နီးပါးအကြာတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သလို CDF မြို့နယ်နဲ့ လူမျိုးစုအလိုက်ခေါင်းဆောင်တချို့အပါအဝင် CDF တပ်သား အယောက် ၇၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့ပြောခွင့်ရှိသူ ယောမန်က ပြောပါတယ်။

“ချင်းလဲန်းကောင်စီ၊ CNF/CNA က နောက်ဆုတ်လိုက်ရပြီနဲ့တူတယ်။ အစက နည်းနည်းပဲ ကျန်တော့တာလေ။ သူတို့အနေနဲ့ကတော့ တော်တော်လေးပြင်ပြင်ဆင်ဆင်လုပ်ကြတာပဲ။ ဟားခါးနဲ့ ထန်တလန် အော်တိုတောင်စခန်းတွေ၊ တာဝါကုန်းစခန်းတွေ ၄-၅ ခုသူတို့ အရင်သိမ်းလိုက်တယ်။ သိမ်းပြီးမှ ထန်တလန်ကိုဝိုင်းလိုက်တော့ ထန်တလန်ရဲ့တပ်ရင်း စခန်းအရင်ကျတယ်။ လိုင်ဗီလာတို့ NLD ရုံးတို့ CB ဘဏ်တို့တော့ သိမ်းလိုက်တယ်။ ရဲစခန်းပဲကျန်တော့တဲ့အချိန်မှာ ဟားခါးဘက်ကနေ စစ်ကူလာတော့တာ။ မနေ့တနေ့ကတော့ သူတို့အော်တိုတောင်ကိုသိမ်းလိုက်တယ်၊ မနေ့က နောက်စခန်းကို ပြန်သိမ်းသွားတယ်၊ ဟားခါးကနေလည်း လက်နက်ကြီးက တောက်လျှောက်ပစ်ကူနေတာဆိုတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တော်တော်လေး အကျအဆုံးများသွားပြီခင်ဗျ။ ဟိုတနေ့က လေကြောင်းဆိုရင် ကျနော်တို့မှာ ၁၈ ယောက်သေ၊ အယောက် ၃၀ ဒဏ်ရာရတယ်လေ၊ အဲဒီလိုမျိုး တောက်လျှောက်ကြီးကို မနားတမ်းကို ကြဲတာခင်ဗျ။”

ချင်းပြည်နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ရဲ့ စစ်ရေးကွပ်ကဲ မှုဧရိယာထဲမှာ တည်ရှိပြီး ချင်းပြည်နယ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီက မြောက်ပိုင်းမှာ ဟားခါးစစ်ဗျူဟာနဲ့ တောင်ပိုင်းမှာ မတူပီစစ်ဗျူဟာ ၂ ခုကို ပြည်နယ်အတွင်းမှာ အခြေချထားတာပါ။ 

တောင်ပိုင်း မတူပီမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၉ ရက်မှာ သိမ်းယူခဲ့ပြီး စစ်ကောင်စီရဲ့ ချင်းပြည်တောင်ပိုင်း နောက်ဆုံးခံစစ်မြို့ မင်းတပ်ကိုလည်း ထပ်မံသိမ်းယူဖို့ ကြိုးစားနေကြတာပါ။

မင်းတပ်မြို့ကို လက်မလွှတ်ရရေးအတွက် အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

ထန်တလန်မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူဖို့ ကြိုးစားတာကလည်း ဟားခါးစစ်ဗျူဟာကို ပစ်မှတ်ထားနေတဲ့ အခြေအနေဖြစ်တာကြောင့် စစ်ကောင်စီက မဖြစ်မနေ အင်အားသုံး တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောခွင့်ရှိသူ ယောမန်က “ဒီဘက်မှာလည်း အခုလောလောဆယ် ကန်ပက်လက်၊ ကျောက်ထု၊ ဆော၊ ထီးလင်းရော အကုန်လုံး မင်းတပ်ကပဲ ကိုင်တာကိုး။ အဲ့ဒီလိုဆိုတော့ မင်းတပ် ပြိုပြီဆိုတာနဲ့ ယောဒေသတခြမ်း လောက်ပေါ့လေ၊ ဂန့်ဂေါကလွဲလို့ပေါ့၊ အကုန်လုံးက တကယ့်တည်းတည်းလေးပဲ။ ယောရဲ့နောက်မှာ ပုံတောင်ပုံညာတောင်တန်းကြီး သဘာဝတံတိုင်းကြီးရှိတော့ နမခနဲ့ ပခုက္ကူက အရင်ကလို စစ်ကူမလာနိုင်ဘူး။ ရောက်မှာ မဟုတ်ဘူး သူတို့ သိတယ်။ အဲဒါကြောင့် မင်းတပ် ပြိုရင် ကျန်တဲ့ဟာ အကုန်ပြိုတော့မှာ ဆိုတဲ့အတွက်ကြောင့် သူတို့က အသည်းအသန်ကာကွယ်နေရတယ်။ ထန်တလန် ဆိုလည်း အဲဒီလိုပဲ ထန်တလန် သိမ်းလိုက်ပြီဆိုရင် ဒီဟားခါးကို ပတ်ပတ်လည် ဝိုင်းထားနိုင်တဲ့ အခြေအနေမျိုး ရှိသွားမယ်။ ထန်တလန်ကနေ ရှေ့ဆက်သွားပြီးမှ ဟားခါးကို သွားပိတ်ဆို့ထားပြီဆိုရင် ရာနဲ့ချီတဲ့ စစ်သားတွေကို ဆန်၊ ဆီ၊ ဆားတွေကို ဟတ်စကီးကနေ အမြဲတမ်းချပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ထန်တလန်ကိုတော့ သူတို့ မရမကပြန်ထိန်းထားမယ်။ မင်းတပ်ကိုလည်း လုံးဝအကျမခံဘူး။ မင်းတပ် ကျပြီဆိုတာနဲ့ ချင်းပြည်နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ အကုန်လုံးက ယောနယ်ထဲကို လျှံကျလာမယ် မကွေးတိုင်းထဲကို လျှံပြီးမှ ဆင်းလာမယ်ဆိုတာ သူတို့ မြင်ထားတယ်ပေါ့လေ”လို့ ပြောပါတယ်။

မြန်မာစစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ခွဲထုတ်ပြီး ဖွဲ့စည်းခဲ့တာဟာ အိန္ဒိယနယ်စပ်စည်းတလျှောက်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေး ဒေသသုံးခု ထိစပ်ရာ နယ်နိမိတ်ကို စစ်ရေးအရ လိုအပ်ရင် ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ချင်း၊ စစ်ကိုင်းနယ်စပ် ကလေးမြို့နယ်မှာလည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တခု အခြေစိုက်ထားပြီး နွေဦးတော်လှန်ရေးတလျှောက် ချင်းပြည်မြောက်ပိုင်းက စစ်ကောင်စီ တပ်သားတွေကို ထောက်ပို့ရာမှာ အဓိကလမ်းကြောင်းအဖြစ် အသုံးပြုခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်အထိ မှတ်တမ်းတွေအရ နိုင်ငံတဝန်း မြို့ပေါင်း ၈၅ မြို့အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး ချင်းပြည်နယ်ထဲမှာ ၁၃ မြို့ သိမ်းယူထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013