
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးဟာ အောက်တိုဘာ ၁၇ ရက်က ၀န်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာကို ဖမ်းဝရမ်းထုတ်လိုက်ပြီး အခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲထားပါတယ်။
သြဂုတ်လက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပြီး ဖြုတ်ချခံခဲ့ရတဲ့ အသက် ၇၇ နှစ် အရွယ် ၀န်ကြီးချုပ်ဟောင်း ဟာစီနာနဲ့အတူ သူ့ရဲ့ အဝါမီလိဂ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တခြားသူ ၄၅ ဦးကိုပါ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု စွဲချက်တွေ အတွက် ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်မှာ တရားရုံးမှာ ရုံးထုတ်ဖို့လည်း အမိန့်ပေးခဲ့ပါတယ်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ရှေ့နေချုပ် မူဟမ်မဒ် တာဂျူလ် အစ္စလာမ်က “သေနတ်နဲ့ပစ်သတ်ခံရတဲ့ လက်နက်မဲ့ သာမန်ကျောင်းသားတွေရဲ့ နောက်ခံအကြောင်းတွေကို တရားရုံးကို တင်ပြထားပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်း အဲဒီလိုရာဇ၀တ်မှုတွေ ကြီးကြီးမားမား ကျူးလွန်ခဲ့တယ်လို့ တရားရုံးကို အယူခံဝင်ခဲ့ကြောင်း” ပြောပါတယ်။
စေ့စေ့စပ်စပ် စုံစမ်းမှုအရ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းနဲ့ တရားရုံးကလည်း ပြည်သူတွေရဲ့ အသနားခံစာကို ခွင့်ပြုပြီး ဝန်ကြီးချုပ်ဟောင်း ဟာစီနာကို ဖမ်းဆီးဖို့ အမိန့်ချမှတ်လိုက်တာ လို့လည်း ပြောပါတယ်။
အလွန်ကို သြဇာအာဏာကြီးမားတဲ့ စွပ်စွဲခံရသူတွေ ဖမ်းဆီးမခံရရင် စုံစမ်းစစ်ဆေးဖို့ ခက်ခဲ သွားကြောင်းနဲ့ အကြောက်တရားကြောင့် သာမန်ပြည်သူတွေနဲ့ အာဇာနည် မိသားစုတွေမှာ စကားတောင် မပြောရဲကြဘူးလို့လည်း ရှေ့နေချုပ်က ဆိုပါတယ်။
တရားရုံးရှေ့နေချုပ် တာဂျူလ် အစ္စလာမ်က ဟာစီနာအပါအဝင် တရားခံပြေးတွေကို အင်တာပိုလ်ရဲ့ အကူအညီနဲ့ ပြန်ခေါ်ဆောင်လာစေဖို့ ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။
အစိုးရကဏ္ဍ အလုပ်အကိုင် ခွဲတမ်းစနစ်အပေါ် ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုအဖြစ် စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အသေအပျောက် အများဆုံး လူထုအုံကြွမှုအဖြစ် အရှိန်မြင့်လာခဲ့ကာ လူ ၇၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာပါ။ တချို့စာရင်းတွေမှာတော့ သေဆုံးသူ ၁၀၀၀ ကျော် ရှိတယ်လို့လည်း ဆိုကြပါတယ်။
အကြမ်းဖက်မှုတွေကြောင့် နောက်ဆုံးမှာ ဟာစီနာဟာ သြဂုတ် ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ် အစိုးရတရပ်က တာဝန်ယူခဲ့ပါတယ်။
ဩဂုတ် ၈ ရက်မှာ အာဏာလွှဲပြောင်းယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ဟာဆီနာ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း ပါဝင်ပတ်သက်သူတွေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှာ စုံစမ်းသွားမယ်လို့ ပြောကြားခဲ့တာပါ။
ဒီနေ့အထိ ဟာစီနာနဲ့ အဝါမီလိဂ် ပါတီမှ တခြားခေါင်းဆောင်တွေကို တိုင်ကြားစာ ၆၀ ကျော်နဲ့ အမှုဖွင့်တိုင်ကြားထားပြီး အတင်းအဓမ္မ ပျောက်ဆုံးမှု၊ လူသတ်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စွဲဆိုထားပါတယ်။
ဟာဆီနာဟာ ကျောင်းသားဆန္ဒပြပွဲတွေအတွင်း လူသတ်မှုအများစုနဲ့ အမှုပေါင်း ၂၀၀ နီးပါး ရင်ဆိုင်နေရပါတယ်။
Source-Reuters











