
အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ မိန့်ခွန်းပြောမဲ့ အခမ်းအနားကို ပုဂ္ဂလိကအဖွဲ့အစည်းတခုက စီစဉ်နေပြီး အိန္ဒိယအစိုးရနဲ့ ဘာမှမပတ်သက်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၄ ရက်မှာ ပြောပါတယ်။
ဟာစီနာအစိုးရကို ဖြုတ်ချခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့အုံကြွမှု ဒုတိယမြောက် နှစ်ပတ်လည် နေ့ကို အထိမ်းအမှတ်အဖြစ် တောင်အာရှနိုင်ငံခြားသတင်းထောက်များကလပ်က သြဂုတ် ၅ ရက် ကျင်းပမဲ့ အခမ်းအနားမှာ ဟာစီနာက အွန်လိုင်းကနေ မိန့်ခွန်းပြောဖို့ စီစဉ်ထားတာပါ။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းလင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိ ဟာစီနာဟာ ကျောင်းသား ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပြီးကတည်းက အိန္ဒိယမှာ ဆက်နေခဲ့ပါတယ်။
ဟာစီနာဟာ ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ၂၀၂၅ ခုနှစ်မှာ သေဒဏ် ချမှတ်ခံခဲ့ ရပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဥပဒေအရ ပျက်ပြယ်တယ်လို့ ဟာစီနာက ပြောရင်း ပယ်ချခဲ့ပါတယ်။ ဒါကာမြို့တော်ကနေ ထွက်ပြေးပြီးတဲ့နောက်ပိုင်း ဗီဒီယိုလင့်ခ်နဲ့ မိန့်ခွန်းပြောတာက ဟာစီနာရဲ့ ပထမဆုံး အများပြည်သူ ရှေ့မှောက်ပေါ်ထွက်လာတာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Source:Reuters











