
ရှမ်းပြည်နယ်တောင်ပိုင်း၊ “ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့တွေ အခုတလော ဝင်ရောက်လှုပ်ရှားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းက ကျေးရွာ တချို့ဘက်ကို RCSS/SSA တပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနေတာ ၂ လဝန်းကျင်လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
RCSS/SSA တပ်ဖွဲ့ဟာ ဓနုဒေသ ပင်းတယမြို့နယ်က သရက်ပြား၊ ညောင်ကောက်၊ အင်းငယ်၊ အုံးအက်၊ လေထိုးကုန်း၊ ဖနန်းစတဲ့ကျေးရွာတချို့အပြင် ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း ဝင်ရောက်လှုပ်ရှားနေတာဖြစ်ပြီး ဓနုနဲ့ ပအိုဝ်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတော့မရှိသေးပါဘူး။
အခုလို နယ်ကျော်လှုပ်ရှားလာတဲ့ RCSS/SSA တပ်ဖွဲ့ကို လူငယ်တော်လှန်ရေးအင်အားစုက သိပ်လက်မခံဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ တွေထဲက တခု ဖြစ်ပါတယ်။
ဓနုနဲ့ ပအိုဝ်းဒေသက ကျေးရွာတချို့မှာ ဝင်ရောက်လှုပ်ရှားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ရဲ့ ပြောခွင့်ရ ဗိုလ်မှူးခမ်းစံကို ဖုန်းဆက်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။