DVB Logo
Home
မြန်မာသတင်း
မြန်မာ့လွတ်လပ်ရေး ၇၅ နှစ်ပြည့်သော်လည်း တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က မေးခွန်းထုတ်
DVB
·
January 25, 2023
မြန်မာ့လွတ်လပ်ရေး ၇၅ နှစ်ပြည့်သော်လည်း တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က မေးခွန်းထုတ်
Donate to DVB

မြန်မာပြည်လွတ်လပ်ရေး ရယူခဲ့တာ နှစ်ပေါင်း ၇၅ နှစ် တင်းတင်းပြည့်ပေမယ့် မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က မေးခွန်းထုတ်လိုက်ပါတယ်။ 

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်မှာ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့တွေ့ဆုံပွဲပထမနေ့မှာ RCSS ခေါင်းဆောင်ကပြောဆိုခဲ့တာဖြစ်ပြီး  အန်စီအေ စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့လို့ ပြီးခဲ့တဲ့ ၇ နှစ်ကျော် အချိန်ကာလကို နှမြောမိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

“အနာဂတ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အတိတ်ကာလက အမှားတွေကို သင်ခန်းစာယူပြီး အမှန်သို့ရောက်အောင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ လွတ်လပ်ရေး ရယူခဲ့တာ နှစ်ပေါင်း (၇၅) တင်းတင်းပြည့်ပေမယ့် မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲ၊ အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲ၊ ဒါတွေကို သေသေချာချာ ပြန်လည်သုံးသပ်ပြီး သဘာဝအရှိ တရားနဲ့ ၁၉၄၇ ပင်လုံစာချုပ်နဲ့အညီ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်မှသာ အားလုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါ တယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တဖက်နဲ့တဖက် အသာစီး အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win Win Solution ဖြစ်ရေး၊ အားလုံးနဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး၊ လိုအပ်သလို တဖက်နဲ့တဖက် အလျှော့အတင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိပြီး အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့လည်း ပြောကြားသွားပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေတာဖြစ်ပြီး ၃ ရက်ကြာ ဆွေးနွေးကြဖို့ရှိနေတာပါ။

မနေ့က ဆွေးနွေးပွဲ ပထမနေ့မှာ ပြီးခဲ့တဲ့ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတုန်းက မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စတွေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ဒုတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ကျင်းပနေပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဟာ တိုက်ပွဲတွေမဖြစ်တော့တာ ဆယ်စုနှစ်တွေနဲ့ချီနေပြီဖြစ်တဲ့ EAO အဖွဲ့တချို့နဲ့ နေပြည်တော်မှာ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီး လတ်လောတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ရခိုင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ဆွေးနွေးတာမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013