DVB Logo
Home
မြန်မာသတင်း
စစ်မှုမထမ်း မနေရ စည်းကမ်း RCSS/SSA ဆိုင်းငံ့
DVB
·
September 6, 2022
စစ်မှုမထမ်း မနေရ စည်းကမ်း RCSS/SSA ဆိုင်းငံ့
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ စစ်မှုမထမ်းမနေရ စည်းကမ်းနဲ့ အတင်းအကျပ် စစ်သားစုဆောင်းတာကို ဆိုင်းငံ့ထားပြီး မိမိ ဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေသာ လက်ခံတော့မယ်လို့ ဗဟိုကော်မတီမှ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဆီ  ညွှန်ကြားထားပါတယ်။ 

လက်ရှိတိုင်းပြည်ထဲမှာ ကုန်ဈေးနှုန်းတက်၊ ငွေဈေးကျလို့ စီးပွားရေး ကျပ်တည်းနေချိန် တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း  သူ့အဖွဲ့ကိုယ့်အဖွဲ့ တပ်သားသစ်စုဆောင်းနေကြကြောင်း၊ ဒါဟာ ပြည်သူတွေကို ပိုမိုခက်ခဲစေလို့ ဝန် ပေါ့စေလိုတဲ့သဘောနဲ့ စစ်မှုမထမ်းမနေရပြဋ္ဌာန်းချက်ကို ဆိုင်းငံ့လိုက်တာလို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရှမ်းပြည်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း တပ်သားစုဆောင်းနေတော့  ပြည်သူတွေက ကြားညှပ်နေတယ်။ ပြီးတော့ အခုက ကုန်ဈေးနှုန်း တက်တယ်၊ ငွေဈေးကျတယ်၊ စိုက်ပျိုးသီးနှံထုတ်ကုန်တွေအရောင်းမထွက်ဘူး။ အလုပ်အကိုင်ရှားပါးပြီး အခက်အခဲရှိတော့ ပြည်သူတွေက တခြားနယ်နဲ့ ထိုင်းဘက်ကို ထွက်ပြေးတာ များလာတယ်ပေါ့နော်၊  ပြည်သူပြည်သားတွေ တခြားကို စိမ့်ထွက်တာဟာ တော်လှန်ရေး ရေသောက်မြစ်ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ပြည်သူကိုစောင့်ရှောက်ခြင်း သက်ရောက်မှုရှိတဲ့  စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ကို ဆိုင်းငံ့ထားတာပါခင်ဗျ။” 

RCSS/SSA ရဲ့ စစ်မှုထမ်းဥပဒေထဲမှာ သျှမ်းပြည်အတွင်းရှိ အသက် ၁၈ နှစ်မှ ၄၅ နှစ်အောက် အသက်အရွယ်ရှိသူတိုင်း စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်း၊ နည်းဥပဒေထဲမှာတော့  စစ်မှုထမ်း အမျိုးအစားရွေးချယ်ခွင့်၊ တာဝန်ထမ်းဆောင်သက်တမ်းနဲ့  ခံစားခွင့် စတဲ့ လုပ်ထုံးလုပ်နည်းတွေ ပါတယ်လို့ ဆိုပါတယ်။

အခုလို စစ်မှုမထမ်းမနေရပြဋ္ဌာန်းချက် ဆိုင်းငံ့ထားပေမယ့်လည်း စေတနာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လာရောက်စစ်မှုထမ်းရင်တော့ လက်ခံကြောင်၊ ဒီညွှန်ကြားချက်ကို စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပြီး မိမိနေထိုင်တဲ့ ရပ်ကွက် ကျေးရွာတွေထဲမှာ RCSS/SSA ရဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှုခံနေရတယ်ဆိုရင် RCSS/SSA ရဲ့ ပြန်ကြားရေးဌာနစာမျက်နှာ Tai freedom  ဝက်ဘက်ဆိုက်နဲ့ လူမှုကွန်ရက်ကတဆင့် တိုင်ကြားနိုင်တယ်လို့  ဗိုလ်မှူးခမ်းစံက ပြောသွားပါတယ်။ 

ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေများပြီး ထိန်းချုပ်နေရာ အငြင်းပွားနေတဲ့ နေရာတွေဆိုရင် နှစ်ဘက်လုံးကို မျှပြီး စစ်မှုထမ်းပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အချို့အိမ်မှာ သားနှစ်ယောက်ပါက အကြီးကို တဖွဲ့၊ အငယ်ကို တဖွဲ့ ပို့ပေးရပြီး လက်နက်ကိုင်ချင်းမတည့်လို့ တိုက်ပွဲဖြစ်တဲ့အခါ ညီအကိုအရင်းချင်း ပြန်တိုက်နေရတာလည်း ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၀၈ ဥပဒေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေထဲမှာလည်း မည်သည့်လူမျိုးမဆို အဆိုပါလက်နက်ကိုင်အဖွဲ့ထဲ စစ်မှုမထမ်း မနေရ အတင်းအကျပ် စစ်သားစုဆောင်းခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013