DVB Logo
Home
မြန်မာသတင်း
ငါးတန် ငါးကို ပြည်ပဈေးကွက် မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရ ဖြစ်နေ
DVB
·
October 17, 2024
ငါးတန် ငါးကို ပြည်ပဈေးကွက် မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရ ဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်းမှာ ရေထွက်ကုန် ငါးတန်ငါးတွေ ပြည်ပဈေးကွက်ကို မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဘဲ ရေထွက်ကုန်လုပ်ငန်း လုပ်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ရေလုပ်ငန်းရှင် တွေနဲ့ ရေလုပ်သားတွေဆီကနေ သိရပါတယ်။

အဲဒီ ငါးတန်ငါးတွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့လို့ ပြည်ပဈေးကွက်ပျက်ကာ ဒီနေ့အထိ ပြန်လည်တင်ပို့ မရောင်းချနိုင်သေးဘဲ ဈေးကောင်းမရ ဖြစ်နေတာလို့ သိရပါတယ်။

ပန်းတနော်မြို့က ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “အရင်ဆို ငါးတန်က ပြည်တွင်း ပြည်ပ ဈေးကွက်နှစ်ခု ရှိတာလေ။ အခုကတော့ ပြည်တွင်းဈေးကွက် တခုတည်းကို အားကိုးရတာဆိုတော့ ဈေးက ပြည်တွင်းပေါက်ဈေးပဲ ရတာပေါ့။ ပြည်တွင်းဈေးက ဘာမှမလုပ်မဖြစ်ဘူး။ ကုန်ချိန်များများနဲ့လည်း အလုပ်မလုပ်ရဘူး။ လုပ်သားတွေလည်း အလုပ်မရဘူးလေ” လို့ ပြောပါတယ်။

ငါးတန်ငါးဈေးအနေနဲ့ အရင်က အကြီးတပိဿာကို ကျပ် ၃၅,၀၀၀၊ အလတ်တပိဿာကို ကျပ် ၂၅,၀၀၀၊ အသေးတပိဿာကို ကျပ် ၁၅,၅၀၀ အထိ ဈေးရှိခဲ့ပြီး လက်ရှိမှာတော့ ငါးတန်အကြီး တပိဿာကို ကျပ် ၁၇,၀၀၀၊ အလတ်တပိဿာကို ကျပ် ၁၃,၀၀၀၊ အသေးတပိဿာကို ကျပ် ၁၁,၀၀၀ ဈေးသာ ပေါက်တော့တယ်လို့ သိရပါတယ်။

ဖျာပုံမြို့က ရေချိုငါးဖမ်းဆီးတဲ့လုပ်ငန်း လုပ်ကိုင်သူတယောက်က “အရင်က တရက်တာ မြစ်ငါးတန် အကောင်ကြီးကြီး တကောင်လောက်ရရင် ၃၀,၀၀၀ ကျော်ဖိုးလောက်ရတော့ တရက်တာ ပင်ပန်းရကျိုးနပ်တယ်။ အခုတော့ လုပ်လို့ကိုင်လို့ အဆင်ပြေဘူး။ ရသလောက်လေးနဲ့ မငတ်ရေး လုပ်လာတာ။ ငါးရလည်း ငါးဈေးက ရမှမရတာ။ အဆင်မပြေတာ ၃ နှစ်ကျော်ကျော် ဖြစ်လာပြီ။ အခြားအလုပ်လည်းမရှိ ဒီအလုပ်ပဲ လုပ်တတ်တော့ တွဲဖက်လုပ်နေရတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ သဘာဝရေချိုငါးတန်ငါး ရှာဖွေဖမ်းဆီးတဲ့ လုပ်ငန်းကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြောင်းမြနဲ့ ငါးတန်ငါး မွေးမြူရေးလုပ်ငန်းကို ပန်းတနော်၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်းမြို့ စတဲ့ မြို့နယ်တွေက ဒေသခံတွေ အဓိက လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ရေလုပ်သားတွေဟာ အခုနှစ်တွေမှာ ရောင်းတန်းဝင် ငါးတန်ကြီးတွေ ဖမ်းဆီးရရှိမှု နည်းပါးလာလို့ ဈေးကောင်းမရတဲ့ အခက်အခဲအပြင် ရှာဖွေမရတဲ့ အခက်အခဲပါ ဖြစ်လာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013