DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ် ဖြစ်နိုင်ခြေနည်းဟု နာဂအဖွဲ့များ သုံးသပ်
DVB
·
October 16, 2024
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ် ဖြစ်နိုင်ခြေနည်းဟု နာဂအဖွဲ့များ သုံးသပ်
Donate to DVB

အိန္ဒိယဗဟိုအစိုးရက မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်မယ်ဆိုရင် လက်တွေ့မှာ ဖြစ်နိုင်ခြေ နည်းပါးလိမ့်မယ်လို့ နာဂအဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။ 

နာဂလူမျိုးတွေ နေထိုင်ရာ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်မှာ ခြံစည်းရိုးခတ်မယ့် အစီအစဥ်ကို အိန္ဒိယဗဟိုအစိုးရက စီစဥ်နေပေမဲ့ နာဂလန်းမှာရှိနေတဲ့ အိန္ဒိယ၊ မြန်မာနဲ့ နာဂ အဖွဲ့အစည်းတွေ၊ ယဥ်ကျေးမှုအဖွဲ့တွေနဲ့ ကျောင်းသားတွေကတော့ ကန့်ကွက်နေကြတယ်လို့ လဟယ်မြို့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်ကယ်က DVB ကို ပြောပါတယ်။

“သူတို့က ဒီစီမံကိန်းပုံစံနဲ့ လုပ်နေတဲ့သဘောရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မှာစပြီးတော့ ပြည်ထဲရေးက နေပြီးတော့ ဗဟိုကို တင်ပြပြီး ဆုံးဖြတ်တာနေမယ်၊ အဲဒီမှာ ပထမဦးဆုံးကတော့ မဏိပူရ်ပြည်နယ်မှာ ၁၀ ကီလိုမီတာ ကာဖို့ဆိုတာ အကြမ်းဖျင်းတော့ ကျနော်တို့ ဒီလို သိထားတယ်။ အဲဒီနောက် ထပ်ပြီးတော့ ကီလိုမီတာ ၈၀ တို့ ဒီလိုမျိုး အဆင့်ဆင့်ကာဖို့ နောက်ထပ် ကီလိုမီတာ ၂၅၀ ကာမယ်၊ ဒါကို နှစ်ရှည်ပုံစံနဲ့တော့ သွားမယ်ထင်တယ်။ ကျနော်တို့ နာဂလန်းမှာတော့ ချက်ချင်းကြီး ဒီဟာနဲ့ပတ်သက်ပြီးတော့ လုပ်ဖို့ကတော့ ကျနော်ကပဲ မကြားမိတာပဲလား မသိဘူး၊ မတွေ့ရပါဘူး။”

မဏိပူရ်အစိုးက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် မူးယစ်ဆေး၀ါးထုတ်လုပ်မှု နယ်စပ်မှာ မြင့်တက်လာတာနဲ့ စစ်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ စစ်ရှောင်လူဦးရေကို ထိန်းချုပ်ဖို့နဲ့ စစ်သွေးကြွတွေကို ကာကွယ်ဖို့ဆိုတဲ့ အဆိုပြုချက်တွေနဲ့ နှစ်ရှည်စီမံကိန်းလုပ်ဖို့ စီစဥ်နေကြတာလို့ Myanmar Policy Institute ဥက္ကဋ္ဌ Zaw Tuseng က သုံးသပ်ထားပါတယ်။

“မြန်မာပြည်က အာဏာသိမ်းပြီးမှ မူးယစ်ဆေး၀ါးထုတ်လုပ်မှုက အမြင့်ဆုံး ပြန်ဖြစ်သွားတယ်၊ အဲဒီဟာလည်း ပါတယ်။ အဲဒီစိုးရိမ်ချက်လည်း ကျနော့်အမြင် အိန္ဒိယအစိုးရက ခတ်ချင်တာ တချို့ကလည်း ပြောတာပေါ့၊ အိန္ဒိယ-မြန်မာနယ်စပ် အဓိကဘာလဲ တွန်းဇံဘက်မှာလား၊ ဒီ ချင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းပေါ့၊ တချို့သူပုန်တွေပေါ့၊ ကသည်းသူပုန်တွေ၊ နာဂသူပုန်တွေက မူးယစ်ဆေး၀ါးတွေ စိုက်တယ်လို့လည်း ပြောကြတယ်။ စိုက်တယ်ဆိုတော့ အဲဒီဟာလည်း ကာကွယ်ချင်တာလည်း ပါမယ်ပေါ့။ နာဂတောင်တန်းနဲ့ နာဂလန်းကတော့ ခတ်နိုင်ခြေ နည်းနိုင်တယ်၊ အကုန်လုံးတော့ မခတ်လောက်ဘူး။ အခု ပေါ်ပေါ်ထင်ထင် အိန္ဒိယအစိုးရကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံလာပြီဆိုတော့ သိပ်မခက်လောက်ဘူးလားလို့ အကုန်လုံးကိုပေါ့။ ဒါပေမဲ့ မဏိပူရ်ဟာ များတော့ ခတ်နိုင်တယ် ကျတော့်အမြင်ကတော့။”

နာဂကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကတော့ အဲဒီကိစ္စကို ကန့်ကွက်ထားပြီး နိုင်ငံတကာမှ ကာကွယ်ပေးထားတဲ့ ဒေသခံလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။ 

လဟယ်မြို့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က အိန္ဒိယဗဟိုအစိုးရအနေနဲ့ လက်တွေ့မှာ ခြံစည်းရိုးခတ်မယ်ဆိုရင် ခက်ခက်ခဲခဲ လုပ်ဆောင်ရလိမ့်မယ်လို့ ပြောပါတယ်။

“နာဂလန်းမှာတော့ ဖြစ်နိုင်ခြေ အင်မတန်မှနည်းတယ်လို့ ကျနော်က ယူဆပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အိမ်ခြေ ၈၀၀၊ ၁၀၀၀ ၀န်းကျင်လောက်ရှိတဲ့ရွာ၊ အဲဒီရွာဆိုရင် ရွာအလယ်တည့်တည့်မှာ အိန္ဒိယ-မြန်မာ နယ်စပ်စည်းမျဥ်းသတ်မှတ်ထားတာ၊ ထူးခြားတာက အဲဒီရွာရဲ့ စော်ဘွားကလည်း တယောက်ပဲ ရှိတယ်၊ အိန္ဒိယဘက်ကလည်း အဲဒီစော်ဘွားကို အသိအမှတ်ပြုတယ်၊ မြန်မာဘက်ကလည်း အဲဒီစော်ဘွားကပဲ အုပ်ချုပ်တယ်။ နောက်အသင်းတော်ရဲ့ ပါစတာလည်းပဲ တယောက်တည်းပဲ။ ဘောလုံးကွင်းလည်း တကွင်းပဲ ရှိတယ်၊ အဲဒီအလယ်တည့်တည့် ဘုရားကျောင်းလည်း အလယ်တည့်တည့်ဆိုတော့ ပိုင်းခြားထား တဲ့ ရွာတွေရှိတယ်ဆိုတော့ ပထမဆုံးလုပ်နိုင်မယ်ဆိုရင် အဲဒီရွာကို အရင်ကာကြည့်ပေါ့နော်။ သူတို့ အိန္ဒိယအနေနဲ့လည်း တော်တော်လေး ခက်ခက်ခဲခဲ ဖြေရှင်းရလိမ့်မယ်။”

ဒေသခံ နာဂနဲ့ ကူကီး လူမျိုးစုတွေကလည်း ခြံစည်းရိုးခတ်မယ့်အပေါ် ကန့်ကွက်ထားကြပြီး အိန္ဒိယ ဗဟိုအစိုးရကတော့ တရားမ၀င် ၀င်ရောက်မှုတွေ မူးယစ်ဆေး၀ါး ရောင်း၀ယ် ဖောက်ကားမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခြံစည်းရိုးခတ်လိုက်ပြီး တားဆီးနိုင်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013