
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေ မြင့်တက်မှုကြောင့် ထပ်မံရေကြီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်းကလည်း ၂ ကြိမ်အထိ ရေကြီးရေလျှံဖြစ်ခဲ့ပြီး အခုတကြိမ်က ပိုဆိုးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ဖားကန့်မြို့နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးရေလျှံခဲ့ပေမဲ့ ဥရုချောင်းရေ ဝင်ရောက်တဲ့အထိ အခြေအနေ မဆိုးရွားခဲ့ကြောင်း ဒေသခံ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။
“အခုလက်ရှိ အခြေအနေကတော့ ရေထဲမှာ နေနေရတယ်။ နေရာတိုင်း ဝင်တာတော့ မဟုတ်ဘူး။ နည်းနည်းနိမ့်တဲ့ နေရာတွေက အခြေအနေဆိုးနေတာ။ မိုးကလည်း ကောင်းနေတော့ ချောင်းရေပါ ဝင်လာတယ်။ အရင်အခေါက်တွေက ချောင်းရေမဝင်ဘူး။ အခုက ပိုဆိုးတယ်။”
လက်ရှိမှာ ဖားကန့်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အေးမြသာယာ၊ မရှီကထောင်၊ ငှက်ပျောတော၊ မြို့မ၊ ကျောက်ဝိုင်း၊ မှော်သောင်း စတဲ့ရပ်ကွက်တွေအပြင် လုံးခင်း၊ ဖားပြင်၊ ကံစီး၊ မမုံ စတဲ့ကျေးရွာတွေမှာလည်း ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို ရေကြီးရေလျှံနေတာကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားနိုင်ခြေရှိနေပြီး လက်ရှိမှာ အိမ်စီးကားငယ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ လာလို့မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလိုအခြေအနေ ရှိနေတာကြောင့် ဖားကန့်-ယူမား-ဆိုင်းတောင် လမ်းပိုင်းကို ယာယီပြန်ဖွင့်ပေးဖို့ ဒေသခံတွက လိုလားနေကြပါတယ်။
ဥရုချောင်းရေဟာ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းကတည်းက သိသိသာသာ မြင့်တက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ အနည်းငယ် ပြန်ကျခဲ့ပေမဲ့ ရပ်ကွက်တွေအတွင်းမှာ ရေရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “အခုချိန်ထိ လှေနဲ့သွားနေရတယ်။ ကျောင်းသားတွေ ကျောင်းသွားဖို့လည်း အခက်အခဲရှိတယ်။ အလုပ်လည်း လုပ်မရဘူး။ အခြေအနေက အဲဒီလိုပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတဝန်း မိုးသည်းထန်နေပြီး မြစ်ရေတွေ ဆက်တိုက်တက်နေလို့ စစ်အာဏာရှင် လက်အောက်ခံ မိုး/ဇလက သတိပေးမှုတွေ လုပ်နေသလို လူမှုကူညီရေး အသင်းအဖွဲ့တွေ အနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ ပြင်ဆင်လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။










