DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် ၃ ဦးကို PNLO ထုတ်ပယ်
DVB
·
October 13, 2024
ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် ၃ ဦးကို PNLO ထုတ်ပယ်
1 / 2
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းစဉ်နဲ့သွားမယ်ဆိုတဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ အတွင်းရေးမှူး ၂ ယောက်ဟာ PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာကြောင့် ထုတ်ပယ်လိုက်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ PNLO/PNLA ရဲ့ တတိယအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီနဲ့ တပ်မှူးတွေ အရေးပေါ်အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

PNLO ရဲ့ ဦးဆောင်နာယက တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ အဖွဲ့ချုပ်ကနေ နုတ်ထွက်တယ်လို့ စက်တင်ဘာ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့သလို တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ နန်းယဉ်ယဉ်စိုးတို့ဟာလည်း စက်တင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ PNLO ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှာ အဖွဲ့ချုပ်ကနေ နုတ်ထွက်ကြောင်းကို နှုတ်ကနေ အသီးသီးတင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အဖွဲ့ချုပ်ရဲ့ တပ်ဖွဲ့ဝင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ကို နုတ်ထွက်ခွင့်ပြုတယ်လို့ ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်အတည် မပြုမီကာလမှာပဲ သူတို့ဟာ PNLO အမည်ကို အလွဲသုံးစားလုပ်ပြီး အောက်တိုဘာ ၉ ရက်နေ့က PNLO NCA-S ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့တာကြောင့် PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဟာ ထင်ရှားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ ခွန်ဥက္ကာ၊ ခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ ၃ ယောက်ကို အဖွဲ့ချုပ်က ပေးအပ်ထားတဲ့ ရာထူးနဲ့ တာဝန် အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်းနဲ့ ထုတ်ပယ်ခံရသူတွေဟာ လာမယ့်  PNLO ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO ရဲ့ လက်ရှိ ဥက္ကဋ္ဌဟာ အဖွဲ့ရဲ့ မူဝါဒလမ်းစဉ်တွေနဲ့ သွေဖယ် NCA ကို ပစ်ပယ်ပြီး ပအိုဝ်းအမျိုးသားတို့ရဲ့ အေးချမ်းသာယာဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဒေသတွင်းတိုက်ပွဲတွေ ဖော်ဆောင်လာတာကြောင့် သူနဲ့အတူ ဗိုလ်မှူး ခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့က PNLO NCA-S ကို ဖွဲ့စည်းပြီး NCA လမ်းစဉ်နဲ့အညီလျှောက်လှမ်းမယ်လို့ ကြေညာခဲ့တာပါ။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူညီနောင် မဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ PNLO က ဇန်နဝါရီ ၂၆ ရက်မှာ ကြေညာခဲ့သလို မတရားစစ်မှုထမ်းဥပဒေအပေါ် ခေါင်းငုံ့မခံဘဲ လာရောက်ပူးပေါင်းကြဖို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ဒါဟာ အဖွဲ့ချုပ်ရဲ့ သဘောထားမဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန် ကြေညာခဲ့ပါသေးတယ်။

PNLO ကတော့ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ NCA ပါ သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်တော့ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး၊ အရပ်သားတွေ အကာအကွယ်ပေးရေးတို့ကို ၃ နှစ်တိုင်တိုင် ပါဝင်ကြိုးပမ်းခဲ့ပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စစ်ကောင်စီက လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာကြောင့် ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသားညီလာခံကြီးက ချမှတ်ပေးထားတဲ့ အခြေခံမူတွေနဲ့အညီ လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြန်လည်ဆင်နွှဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ PNLO-NCA-S ဟာ တရားမဝင်ကြောင်းနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆိုတဲ့အမည် ထည့်သွင်းအသုံးချတာကိုလည်း ခွင့်မပြုဘဲ ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013