
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ကိုရောက်နေတဲ့ ရခိုင်က စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် အပါအဝင် ၄ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကြံခင်မြို့နယ်မှာ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ အမ်းမြို့က အရပ်သား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အောက်တိုဘာ ၁၁ ရက်က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “PDF တွေလို့စွပ်စွဲပြီး သူတို့လာတည်းနေတဲ့ မိသားစုတွေရဲ့ နေအိမ်မှာလာဖမ်းဆီးသွားတာ။ သူတို့က ၉ ရက်နေ့ကမှ ကြံခင်းကို တိုက်ပွဲရှောင်လာတာပါတဲ့။ မမိုးမိုးနဲ့အတူ နောက်ထပ်ယောကျ်ားလေး ၃ ယောက်အဖမ်းခံရတာ။ သတင်းရလို့ဖမ်းတာတဲ့။ စစ်ကောင်စီတပ်နဲ့ ရဲတွေ တော်တော်များများနဲ့ လာဖမ်းတာ။ ဆိုင်ကယ်တွေနဲ့ဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄ ယောက်ဟာ စစ်ကောင်စီတပ်နဲ့ AA တို့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
ကြံခင်းမြို့က အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “အခု အဖမ်းခံရတဲ့ သူတွေအားလုံးက မိသားစုတွေဆီ စစ်ဘေးရှောင်ဖို့ ရောက်လာတာလို့သိရတယ်။ စစ်ကောင်စီတပ်က စစ်ရှောင်တွေကို ရိုက်နှက်ဖမ်းသွားတာ။ PDF ပေါ့။ အဖျက်သမားတွေ လို့လည်း အော်ဟစ်သွားသေးတယ်။ အုပ်ချုပ်ရေးအဖွဲ့က သတင်းပေးလို့ဖမ်းတာတဲ့” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အသက် ၁၉ နှစ်ကျော် လူငယ်အမျိုးသား ၂ ယောက်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ယောက်၊ အသက် ၂၇ နှစ် ဝန်းကျင် အမျိုးသမီး ၁ ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးမှာထိန်းသိမ်းထားတယ်လို့သိရပြီး သူတို့ဟာ ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီဆွဲတဲ့လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း စတာတွေကို လုပ်ကိုင်နေသူတွေဖြစ်တယ် လို့ သိရပါတယ်။