
ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်က ဒေသခံ ထင်းခုတ်လုပ်ငန်းလုပ်သူ ၂ ယောက်ကို PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကြံခင်းမြို့နယ် ပိုးစုကြီးကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်သားတွေက အမျိုးသား ၂ ယောက်ကို သြဂုတ် ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “တပ်က စစ်ကြောင်းထိုးရင်း ဖမ်းသွားတာ။ ထင်းခုတ်လုပ်ငန်း လုပ်နေတဲ့ အရပ်သား ၂ ယောက်ကို PDF ဆိုပြီး ဖမ်းတာ။ ကြိုးနဲ့တုပ် ရိုက်နှက်ဖမ်းခေါ်သွားတာ။ ဘယ်မှာဖမ်းထားလဲတော့ မသိဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူ ၂ ယောက်ဟာ လယ်ယာနဲ့ ထင်းခုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၃၂ နှစ်အရွယ် ကိုဇော်မိုးနဲ့ အသက် ၄၀ အရွယ် ကိုအောင်သန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ် စစ်အာဏာရှင်တပ်နဲ့နီးစပ်သူက “အဲဒီဘက်မှာ စစ်တပ်ရှိပါတယ်။ လုံခြုံရေးလုပ်ငန်းတွေ လုပ်ပေးနေပါတယ်။ အဖမ်းခံရတဲ့ ဖြစ်စဉ်တွေရှိတာ ဟုတ်ပါတယ်။ တပ်က ဖမ်းတာဆို မသင်္ကာလို့ဖမ်းတာ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က သြဂုတ်လ ပထမအပတ်ကစတင်ပြီး ကြံခင်းနဲ့ ရခိုင်ရိုးမအစပ်မှာ တပ်စွဲတာ၊ စစ်ကြောင်းထိုးတာ၊ အရပ်သားတွေအား ဖမ်းဆီးတာတွေကို အင်အားအများအပြားနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း ကြံခင်းမြို့နယ် ပိုးစုကြီးကျေးရွာအနီးမှာ စစ်ရှောင်အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက်ကို PDF တပ်ဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲ ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။











