
ချီလီနဲ့ ဘိုလီးဗီးယားနိုင်ငံ အိုရူရိုမြို့ကြား ပြေးဆွဲနေတဲ့ နိုင်ငံတကာခရီးသည်တင်ဘတ်စ်ကားတစီး ဧပြီ ၂၉ ရက်က မတော်တဆဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီမတော်တဆမှုဟာ ဧပြီ ၂၉ ရက် မနက်အစောပိုင်းက နိုင်ငံတကာအဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အမည်မဖော်လိုသူ ခရီးသည်တယောက်က “ကျနော်တို့ နယ်စပ်ကနေ အတော်လေး မြန်မြန် လာနေတာ။ ယာဉ်မောင်းက ရောက်ချင်ဇောနဲ့ အတင်းမောင်းနေတာပါ။ သူက ဆန္ဒစောပြီး အတင်းလောနေလို့ မလိုက်ခဲ့ရဘဲ ကျန်နေခဲ့တဲ့ ခရီးသည်တွေတောင် ရှိတယ်။ နောက်တော့ မနက် ၄ နာရီ ၂၅ မိနစ်လောက်မှာပဲ ဖြစ်သင့်တာ ဖြစ်သွားတော့တာပါပဲ။ ယာဉ်မောင်းမှာ နိုင်ငံတကာ အဝေးပြေးလမ်းမပေါ် မောင်းဖို့ လိုင်စင်တောင် မရှိပါဘူး” လို့ ပြောပါတယ်။
Source:Reuters










