DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ ကမ်းခြေများတွင် သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ်အခန်း မှာယူသူ နည်းပါး
DVB
·
October 12, 2024
ဧရာဝတီတိုင်းရှိ ကမ်းခြေများတွင် သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ်အခန်း မှာယူသူ နည်းပါး
Donate to DVB

သီတင်းကျွတ် အားလပ်ရက်ကာလအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာ ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေ လျော့ကျနေတယ်လို့ သိရပါတယ်။

ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေမှာ သီတင်းကျွတ်ကာလ အားလပ်ရက်မှာ အပန်းဖြေ အနားယူဖို့အတွက် လက်ရှိ ၆၀ ရာခိုင်နှုန်းကျော်အထိသာ ဟိုတယ်အခန်း ကြိုတင်မှာယူတာ ရှိသေးတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းရှင်တယောက်က “ဒီနှစ် ဧရာဝတီတိုင်းက ကမ်းခြေတွေကို ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေ လျော့နည်းနေတယ်။ လက်ရှိလည်း လာမယ့် သီတင်းကျွတ်ကာလ အားလပ်ရက် အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုတင်မှာယူတာတွေ အရမ်းနည်းနေတယ်။ အရင်က ဒီလို အားလပ်ရက်နီးလာရင် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုယူတာ ၁၀၀ ရာခိုင်နှုန်း ပြည့်သလောက် ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ကမ်းခြေတွေမှာ လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀ အထိရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံး ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှ ခရီးသွားဧည့်လမ်းညွှန်တယောက်က “ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေတွေက ဟိုတယ်တွေ အားလုံးရဲ့ ၆၅ ရာခိုင်နှုန်းလောက်ပဲ လုပ်ငန်းပြန်လည် လည်ပတ်လုပ်ကိုင်နိုင်သေးတယ်။ ဒါကလည်း ကိုဗစ်က ပြီးသွားပေမဲ့ မပြီးနိုင်တဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်ပါ။ အခုနောက်ပိုင်း စစ်ကောင်စီက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေမှာ တင်းကျပ်တဲ့ အစစ်အဆေးတွေကြောင့်လည်း ပါတယ်။ သီတင်းကျွတ်ကာလ အပန်းဖြေဖို့ ဟိုတယ်တွေမှာ အခန်းဘိုကင်ယူတဲ့သူတွေ တော်တော် နည်းနေတာ။ အရင် နိုင်ငံရေးကောင်းတုန်းက သီတင်းကျွတ်အကြိုကာလတုန်းက ဟိုတယ်တွေကော၊ တည်းခိုရိပ်သာတွေပါ ပြည့်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တဲ့အတွက် စက်သုံးဆီကို အဓိက အသုံးပြု လည်ပတ်နေရတာ၊ အထွေထွေကုန်စရိတ် အဆမတန် မြင့်တက်လာတာကြောင့် လည်ပတ်လက်စလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ပိုပြီး အခက်ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွေက ဆင်စခန်းတွေနဲ့ ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကို စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013