
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ အောက်တိုဘာ ၁၁ ရက်ကကျင်းပတဲ့ အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံ အကျပ်အတည်းကို မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့ပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အဖွဲ့ဝင်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထူထောင်ဖို့ အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆို လိုက်ပါတယ်။
သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ သူတို့အိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ပထမဆုံး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရပြီး ၇ နှစ်အကြာမှာ ရေရှည်ခံမယ့် ဖြေရှင်းနည်းတွေကလည်း အဖြစ်မှန်နဲ့ ဝေးကွာနေပုံရတယ်လို့ ကုလတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂအထူးသံတမန်နဲ့ အာဆီယံ ဥက္ကဋ္ဌတို့ကြား အင်အားနဲ့ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်ကို ထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဖို့ အပါအဝင် မြန်မာနိုင်ငံဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို မြှင့်တင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေကို ထောက်ခံကြောင်းလည်း ကုလအကြီးအကဲက ဆိုပါတယ်။
"မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပြီး ဒီပဋိပက္ခအတွက် အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေတခုအတွက် နိုင်ငံအားလုံးအနေနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချဆောင်ရွက်ပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ကို ဆောင်ကြဉ်းပေးဖို့ တောင်းဆိုပါတယ်" လို့ ဂူတာရက်စ်က ပြောကြားပါတယ်။
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း လာအိုနိုင်ငံမှာ နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခဲ့ကြပြီး အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဂျပန်နဲ့ ရုရှားတို့ အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာအများအပြားကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "အာဆီယံထိပ်သီး အစည်းအဝေးနဲ့ဆက်စပ်ပြီးတော့ အာဆီယံပါတနာတွေနဲ့ ထိပ်သီးအစည်းအဝေးတွေလုပ်နေတာ ရှိတယ်။ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ပေါ့နော်။ အဲ့ဒီတော့ ကျနော်တို့တောက်လျှောက်ပြောလာခဲ့သလို စစ်ကောင်စီက ပြည်သူလူထုကို ကိုယ်စားပြုတာမဟုတ်ဘူး။ မြန်မာနိုင်ငံကိုကိုယ်စားပြုတာ မဟုတ်ဘူး။ စစ်ကောင်စီခန့်တဲ့သူတွေ နိုင်ငံရေးရာထူးယူထားတဲ့သူရော၊ မယူထားတဲ့သူရော တဦးမှပေး မတက်သင့်ဘူး။ နောက် ကျနော်တို့ မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဆီယံအဖွဲ့ကြီးအနေနဲ့ ဖိတ်ခေါ်သင့်တယ်။ အစည်းအဝေးတွေမှာ NUG ရဲ့ ကိုယ်စားလှယ်တွေ တက်ခွင့်ဆွေးနွေးခွင့် တရားဝင်ပေးသင့်တယ်ဆိုတာလည်း ကျနော်တို့အနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ်” လို့ DVB ကိုပြောပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရပေမဲ့ စစ်ကောင်စီခန့် နိုငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ပါဝင် တက်ရောက်ဆွေးနွေးခွင့်ရနေတာဖြစ်ပါတယ်။
Source/ Photo: Reuters










