DVB Logo
Home
မြန်မာသတင်း
ထောင်တွင်း ဆေးကုသခွင့်မရသဖြင့် တလလျှင် အနည်းဆုံး နိုင်ကျဉ်း ၁ ဦးနှုန်း သေဆုံး
DVB
·
October 9, 2024
ထောင်တွင်း ဆေးကုသခွင့်မရသဖြင့် တလလျှင် အနည်းဆုံး နိုင်ကျဉ်း ၁ ဦးနှုန်း သေဆုံး
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော်ကာလမှာ အကျဉ်းထောင်တွေထဲ  ဆေးဝါးကုသမှု မလုံလောက်တဲ့အတွက် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၆၃ ယောက်ရှိနေပြီး ဒါက တလကို အနည်းဆုံး နိုင်ကျဉ်းတယောက်နှုန်း သေဆုံးနေရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ အောက်တိုဘာ ၇ ရက်အထိ အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရတုန်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ၁၀၃ ယောက် ရှိခဲ့ပြီး အဲဒီအထဲ ထောင်တွင်း ဆေးဝါးကုသမှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

ဒါဟာ အာဏာသိမ်း ၃ နှစ်ကျော် (၄၄ လတာ) အတွင်းမှာ တလကို လူတယောက်နှုန်း သေဆုံးနေတာဖြစ်ပြီး တချို့လတွေမှာ ပိုများနိုင်တာမျိုးရှိတာ တွေ့ရပါတယ်။

အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က “အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့တဲ့သူက ၆၀ ကျော်ရှိတယ်ပေါ့။ အဲဒီမှာ အခုနောက်ဆုံး ဆရာဇော် အပါအဝင် အရှေ့မှာဆိုလည်း NLD က CEC ဖြစ်တဲ့ ဦးဉာဏ်ဝင်းလို လူမျိုးတွေ အများကြီးရှိတယ်ပေါ့၊ အကျဉ်းထောင်တွေထဲမှာ။ သူတို့တွေက အကျဉ်းထောင်တွေထဲမရောက်ဘူး၊ ထောင်ထဲမှာရှိမနေဘူး၊ ဒါပေမဲ့ ထောင်ထဲမှာ ရှိနေပေမဲ့လည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် ရမယ်ဆိုရင် ဒီလူတွေက အသက်ဆုံးရှုံးစရာအကြောင်း မရှိဘူး။ ICRC ကလည်း သူတို့ကြိုးစားနေတာတွေရှိတယ်။ သို့သော်လည်း စစ်အုပ်စုက ဘာမှ ခွင့်ပြုပေးတာ မရှိဘူး။ ဒီလိုခွင့်ပြုပေးတာ မရှိဘဲ ICRC က ပြည်တွင်းထဲမှာ ရပ်တည်နေပြီး အကျဉ်းထောင်တွေ ကိစ္စကို လုပ်နေပါတယ်လို့ ပြောနေမယ့်အစား စစ်အုပ်စုနဲ့ အလုပ်မလုပ်ပါဘူး ဆိုတာကို လုပ်သင့်တယ်လို့ ကျနော်တို့ကတော့ အကြံပေးချင်တယ်” လို့ ပြောပါတယ်။

လစဉ် အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၅၀ လောက်ဟာလည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရရှိဖို့ ကြိုးစားနေရတယ်လို့ PPNM ကနေ သိရပါတယ်။

လစဉ် ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေရဖို့ လှုပ်ရှားတောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ PPNM ကလည်း နိုင်ငံတကာအဖွဲ့အတွေအနေနဲ့ အကျဉ်းထောင်တွေထဲထိ ဝင်ရောက်စစ်ဆေးနိုင်အောင်ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “လစဉ်တိုင်းမှာ အကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာ မရရှိလို့ သေဆုံးခဲ့ရတဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ လုပ်ဆောင်တယ်။ ဒါပေမဲ့ အခုချိန်ထိ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနအနေနဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ ကိုတော့ သူတို့က လက်တွေ့လုပ်ဆောင်တာကို မတွေ့ရသေးဘူးပေါ့နော်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း ကျနော်တို့လုပ်ဆောင်ချက်တွေအပေါ်မှာ ဝန်းရံအားပေးတာမျိုးတွေ၊ ဒီလိုမျိုး အကျဉ်းထောင်တွေထဲကို ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ ရ၏၊ မရ၏ကို ဝင်ရောက်စစ်ဆေးနိုင်မှသာလျှင် ထောင်ထဲမှာဖြစ်နေတဲ့ ဆေးဝါးစောင့်ရှောက်မှုမရတဲ့ ကိစ္စတွေကို ထိရောက်ကူညီမှု ဖြစ်စေမှာ ဖြစ်ပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောမယ်ဆိုရင် အကျဉ်းထောင်တွေက ချန်ထားလို့မရဘူး ဆိုတာကိုလည်း ကျနော့်အနေနဲ့ နိုင်ငံတကာကို သတင်းစကား ပါးချင်ပါတယ်” လို့ ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိသားစုဝင်ကလည်း ပြင်ပကနေ နိုင်ငံခြားဆေးဝါးတွေကို  ဆေးတမျိုး နှစ်ကတ်သာ ပို့ခွင့်ရပြီး ဆရာဝန်‌ဆေးစာပါမှ သွင်းခွင့်ရကြောင်းနဲ့ ထောင်ဆေးခန်းကို တခါတရံမှ ပြသခွင့်ရတဲ့အတွက် စိတ်ပူပန်နေရကြောင်း ပြောပါတယ်။

ထောင်တွင်း ဆေးဝါးလုံလောက်စွာ မရရှိလို့ သေဆုံးနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကိစ္စတွေကို မေးမြန်းနိုင်ဖို့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ကို DVB အနေနဲ့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေပေးပို့တဲ့ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ မလုပ်ဘဲ အကျဉ်းသားတွေဆီ ပို့ပေးသင့်ကြောင်း၊ ထောင်ဆေးရုံတွေမှာ ဆေးဝါးလုံလောက်အောင် ထားရှိပေးသင့်ကြောင်း၊ အကျဉ်းထောင်တချို့ရဲ့ ထောင်ဆေးရုံမှာ နေရာရောင်းစားတာမျိုးတွေကို စိစစ်ပိတ်ပင်သင့်ကြောင်းတွေ အပါအဝင် အရေးပေါ် အခြေအနေတွေ ရှိလာရင် အချိန်နဲ့တပြေးညီ ထောင်ပြင်ပဆေးရုံတွေကို ပို့ဆောင်ပေးသင့်ကြောင်း စတာတွေကို PPNM က တောင်းဆိုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013