DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ခရူပင် ဆေးဖက်ဝင်
DVB
·
October 9, 2024
နွေဦးပြည်သူတို့အတွက် ခရူပင် ဆေးဖက်ဝင်
Donate to DVB

 

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ခရူပင်ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခရူပင်ကို သိပ္ပံလို Pluchea indica လို့ခေါ်ပြီး အင်္ဂလိပ်လို Indian camphorweed, Indian fleabane, Indian pluchea လို့စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

ခရူပင်မှာ ပရိုတင်း ၊ အဆီ ၊ အမျှင်ဓာတ် ၊ ကစီဓာတ် ၊ ကယ်လ်စီယမ်, β-carotene နဲ့ ဗီတာမင်စီ စတဲ့ အာဟာရသတ္တုဓာတ်များအပါအဝင် lignan, terpene, phenylpropanoid, benzenoid, alkanes, sterol, thiophene,catechin phenol hydroquinone, saponin, tannin, alkaloid , multiflorenol, valenc, hydroxy, glucoside, tetrahydroxy-flavone, glucoside, trihydroxyflavone, glucoside, tetrahydroxy-flavone, mannopyranoside, epipinoresinol, pinoresino စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ ဆီးရွှင်စေခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ မှိုသတ်ဆေး/ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အ‌ဖျားကျစေခြင်း၊ အဆိပ်ကို လျော့ကျစေခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ခရူပင်ရဲ့ အရွက်၊ အမြစ်နဲ့ အခေါက်တို့ကို သုံးစွဲကြပါတယ်။

ကိုယ်ပူဖျားနာခြင်းအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို ငရုပ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ချွေးထွက်ပြီး အဖျားကျစေပါတယ်။

သာမန်ခါးနာဝေဒနာအတွက် ခရူရွက်ကို ထုထောင်းကာ အရက်နဲ့စိမ်ပြီး လိမ်းပေးနိုင်ပါတယ်။ ခရူရွက်ကို အစိမ်းဝါးစားတာက ခံတွင်းနံဆိုးခြင်းကို သက်သာစေပါတယ်။

အစာအိမ်အားနည်းခြင်းနဲ့ အချဉ်ပေါက်ခြင်းတို့မှာ ခရူရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို ဆနွင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ပြဿနာများကို ခရူရွက်ပြုတ်ရည် ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အအေးမိခြင်းအတွက် လတ်ဆတ်တဲ့ ခရူရွက်ပြုတ်ရည်အငွေ့ကို ရှူဆေးပေးခြင်းဖြင့် သက်သာမှု ရစေနိုင်ပါတယ်။

ခရူရွက်သတ္တုရည်ကို အရေပြားယားယံနာတွေမှာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

လိပ်ခေါင်းရောဂါမှာ လတ်ဆတ်တဲ့ ခရူရွက်ကို စားသောက်ပေးခြင်း၊ ခရူရွက်သတ္တုရည်ကို အုန်းဆီအနည်းငယ်နဲ့ရောစပ်ပြီး လိမ်းပေးခြင်း ပြုလုပ်နိုင်ပါတယ်။

ဝမ်းကိုက်ရောဂါအတွက် ခရူရွက်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို ဆနွင်းကော်ဖီ တဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခရူရွက်ကို ပုံမှန်စားသောက်ခြင်းက အမျိုးသားများမှာ ဆီးကျိတ်ရောဂါကို ဟန့်တားပေးပါတယ်။ ဒူလာ၊ ညောင်းညာကိုက်ခဲခြင်းများမှာ ခရူရွက်ကို အတို့အမြှုပ်/အသုပ် လုပ်စားပေးနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်များ ခရူရွက်ကို ဓာတ်စာအဖြစ် စားသောက်ပေးခြင်းဖြင့် ဆီးချိုထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုအတွက် ခရူရွက်ပြုတ်ရည် တခါသောက် ‌ရေနွေးကြမ်း တခွက်စာကို တနေ့ ၂-၃ ကြိမ်သောက်ပေးနိုင်ပြီး အမြစ်ကို လိမ်းပေးနိုင်ပါတယ်။ အမျိုးသမီးများ ခရူရွက်ကို ပုံမှန်စားပေးခြင်းက ရာသီလာစဥ် ကိုက်ခဲနာကျင်ခြင်းများကို လျော့ပါးစေပြီး မီးယပ်သွေးဆုံးဝေဒနာများကို လျှော့ချပေးနိုင်ပါတယ်။

ခရူရွက်စားသောက်ခြင်းက မကောင်းတဲ့ သွေးတွင်းအဆီကို ကျစေပြီး ကောင်းတဲ့အဆီကို တိုးပွားစေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် မကောင်းတဲ့ သွေးတွင်းအဆီကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါနဲ့ နာတာရှည်ရောဂါဖြစ်ပွားမှုကို လျော့ပါးစေပါတယ်။

ခရူရွက်ကို ပုံမှန် စားသောက်ပေးခြင်းဖြင့် အသည်းကို အဆိပ်အတောက် ကင်းစင်သေစပြီး အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ဆီးနဲ့ကျောက်ကပ်ရောဂါများမှာ ခရူရွက် ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက် ကို တနေ့ ၃-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခရူမြစ်မှာ အဆိပ်ကို ဆန့်ကျင်တဲ့ အာနိသင်ပါဝင်တာကြောင့် ဆေးဝါးလက်လှမ်းမမီတဲ့ အခြေအနေမှာ အဆိပ်ရှိ သတ္တဝါများ ကိုက်ခဲခံရပါက ခရူပင်အမြစ်သွေးရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို (အဆိပ်အပြင်းအပျော့အခြေအနေပေါ်မူတည်ပြီး) နာရီဝက်ခြား တခါ ၃ ကြိမ်၊ တနာရီခြား တခါ ၃ ကြိမ် စသဖြင့် နာရီခြားပြီး ဂရုတစိုက် ပြုစုတိုက်ကျွေးပေးရမှာဖြစ်ပါတယ်။ အဆိပ်သင့်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို လျောပါးစေပါတယ်။

အဖျားရောဂါအတွက် အမြစ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သာမန်ခါးနာခြင်းအတွက် ခရူရွက်ပြုတ်ရည်နွေးနွေးဖြင့် ကပ်ပေးနိုင်ပါတယ်။

ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်နဲ့ အသက်ရှူလမ်းကြောင်းပြဿနာများမှာ ခရူရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ချင်း မှုန့် ကော်ဖီဇွန်းဝက်၊ ပျားရည် ကော်ဖီ တဇွန်းဖြင့် ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခရူရွက်စားသောက်ခြင်းက အာရုံကြောကို အားကောင်းစေပြီး မှတ်ဉာဏ်ကို တိုးတက်စေကာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။   အကျိတ်အဖုနာများမှာ ခရူရွက်ကို ထုထောင်းပြီး အုံပေးထားနိုင်ပါတယ်။ ထိခိုက်ရှနာများမှာ ခရူရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

ခရူရွက်ကို အသင့်အတင့်စားသောက်ခြင်း ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ဝမ်းသွားစေနိုင်ပါတယ်။ ခရူရွက်နဲ့ ဓာတ်မတည့်သူများ ခရူပင်ထွက်ပစ်စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ ခရူပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013