DVB Logo
Home
မြန်မာသတင်း
စပိန်ရထားတွဲများအတွက် ပလက်ဖောင်းခုံများ အသစ်ပြန်ဆောက်နေ
DVB
·
October 8, 2024
စပိန်ရထားတွဲများအတွက် ပလက်ဖောင်းခုံများ အသစ်ပြန်ဆောက်နေ
Donate to DVB

ရန်ကုန်မြို့က မြို့ပတ်ရထားလမ်းတွေမှာ စပိန်နိုင်ငံထုတ် DEMU ရထားတွဲသစ်တွေ ပြေးဆွဲနိုင်ဖို့အတွက် ဘူတာရုံအသစ်တည်‌ဆောက်ရေးနဲ့ ပလက်ဖောင်းခုံတွေကို အသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ရထားဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ ဘူတာပလက်ဖောင်းခုံ အဟောင်းတွေကို မြေပြင်မှ ၄ ပေအမြင့်အထိ မြှင့်တင်ရေးလုပ်ငန်းတွေကို မြို့ပတ်ရထားဘူတာတွေမှာ လုပ်ဆောင်ခဲ့ပေမဲ့ ဂျပန်နိုင်ငံထုတ် RBE ရထားတွဲတွေအတွက် အဆင်ပြေနေခဲ့ပြီး ၂၀၂၃ မှာ အသစ်ရောက်လာတဲ့ စပိန်ထုတ် ရထားတွဲတွေနဲ့ ကွာဟချက်တွေ ရှိနေပါတယ်။

ရထားဝန်ထမ်းတယောက်က “မနှစ်က သီလဝါမှာ စစချင်း ၆ တွဲရောက်တယ်။ အဆင်ပြေရင် ဆက်မှာမယ့်ပုံပါပဲ။ အခုပရောဂျက်ထဲပါတဲ့ ပလက်ဖောင်းခုံ ဂျပန်မလေး (RBE) တွဲတွေနဲ့ပဲ အဆင်ပြေတယ်။ စပိန်တွဲတွေရောက်လာတော့ ပလက်ဖောင်းနဲ့ ရထားခြေနင်းက တော်တော့်ကို လွတ်နေတာ။ ပထမက စက်ခေါင်းရုံမှာ DEMU ကို ဒီလမ်းပိုင်းတွေနဲ့ ကိုက်အောင်လို့ ပြင်ရင် ပလက်ဖောင်းတွေ ဒီအတိုင်းသုံးလို့ရမယ်။ RBE အတွက် ဆောက်ထားတဲ့ ၄ ပေခုံတွေက အကုန်လုံးပြီးပြီ။ အခု စပိန်တွဲတွေ မပြင်နိုင်တော့ ခင်းပြီးသား ပလက်ဖောင်းခုံတွေကိုပဲ အကုန်ခွာပြီး နောက်ထပ် ၁ ပေခွဲအထိ ထပ်မြှင့်လိုက်ရတယ်” လို့ ပြောပါတယ်။

စပိန်ထုတ် DEMU အတွဲတွေကို ၂၀၂၄ စက်တင်ဘာလမှာ ပြေးဆွဲနိုင်ဖို့ ကနဦး စီစဉ်ထားကြပေမဲ့ ဘူတာအသစ်စီမံကိန်းတွေ မပြီးပြတ်သေးတာအပြင် မြို့ပတ်ရထား ၃၉ ဘူတာစလုံးမှာ ရထားပလက်ဖောင်းခုံ ၁ ပေခွဲအထိ၊ စုစုပေါင်း ၅ ပေမှ ၅ ပေခွဲအထိ မြှင့်တင်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတာကြောင့် နိုဝင်ဘာလရောက်မှသာ စပိန်ထုတ် အဆင့်မြင့်တွဲတွေကို ပြေးဆွဲနိုင်မှာလည်း ဖြစ်ပါတယ်။

မြို့ပတ်ရထားစီးနင်းသူတယောက်က “အခု လက်မှတ်ခက ၂၀၀၊ ရထားအသစ်က ၈၀၀ လို့ပြောတယ်။ ဈေးသည်တွေ ပေးမတင်ဘူးလည်း ပြောတယ်။ အဲကွန်းနဲ့ အလုံပိတ်ရထားပါ။ မြန်တာတော့ တော်တော်မြန်တယ်။ အခု မြို့ပတ်လမ်းထဲ ပြေးနေတယ်။ လူတော့ မတင်သေးဘူး” လို့ ပြောပါတယ်။

၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း DEMU ရထားတွဲ စုစုပေါင်း အစီး ၃၀ အထိ မှာယူထားပြီးပြီလို့ သိရပြီး အဲဒီထဲက ၁၁ စီးကို မြို့ပတ်ရထားလမ်းပိုင်းမှာ ပြေးဆွဲမှာလည်း ဖြစ်တဲ့အပြင် လက်မှတ်တစောင်ကို မြန်မာငွေ ကျပ် ၈၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာလဆန်းမှာ စတင် စမ်းသပ်ပြေးဆွဲနေတဲ့ ပဲခူး-ရန်ကုန် ခရီးစဉ်မှာ အသွားလမ်းကြောင်းကို ၂ နာရီ မိနစ် ၂၀ ကြာမြင့်မှာဖြစ်ပြီး ဘူတာပေါင်း ၁၂ ဘူတာပါတဲ့ ခရီးစဉ် အစအဆုံးကို မြန်မာကျပ်ငွေ ၂,၅၀၀ ကျသင့်တဲ့အပြင် အဝေးပြေးဆွဲတဲ့ ဘူတာတလျှောက်မှာ ပလက်ဖောင်းခုံတွေ အဆင့်မမီတာကြောင့် မြန်မာထုတ် လက်လုပ်သံခုံတွေနဲ့ ခရီးသည်တွေ အတက်အဆင်း ပြုလုပ်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013