DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် ထိုင်ဝမ်က ကန်ဒေါ်လာ ၁ သိန်းလှူ
DVB
·
October 7, 2024
မြန်မာရေဘေးအတွက် ထိုင်ဝမ်က ကန်ဒေါ်လာ ၁ သိန်းလှူ
Donate to DVB

အင်အားပြင်း ယာဂီ တိုင်ဖွန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေအတွက် ထိုင်ဝမ်က အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းလိုက်တဲ့အကြောင်း Taiwan News သတင်းမှာ ဖော်ပြပါတယ်။

ဒီလှူဒါန်းမှုကိုတော့ မုန်တိုင်းတိုက်ခတ်ပြီးနောက်ဆက်တွဲ ကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးတို့အတွက် မြန်မာနိုင်ငံက ထိုင်ဝမ်းစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာရုံး (TECO) ကနေတဆင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို လှူဒါန်းလိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ပြုလုပ်တဲ့ ထိုင်ဝမ်အမျိုးသားနေ့ အခမ်းအနားမှာ TECO Myanmar ရဲ့ ကိုယ်စားလှယ် ချောင် ချောင်းဆင်းက ပေးအပ်လိုက်တာဖြစ်ပြီး ယာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ခံ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံကိုလည်း လှူဒါန်းသွားဖို့ လျာထားတဲ့အကြောင်း ပြောလိုက်တာပါ။

ချောင်က ထိုင်ဝမ်အနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားပြီး ထိခိုက်လွယ်သူတွေကို ထောက်ပံ့ကူညီဖို့ လက်ကိုင်ထားပြီး စိုက်ပျိုးရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ပညာရေးကဏ္ဍတွေမှာ နိုင်ငံတကာ အကူအညီတွေ ပုံမှန်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာလည်း၊ ထိုင်ဝမ် အစိုးရနဲ့ ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ အဖွဲ့ အစည်းတွေဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ဝန်ထမ်းသင်တန်းသားတွေ စေလွှတ်တာ၊ စက်ကိရိယာတွေ လှူဒါန်းတာ၊ နည်းပညာ လွှဲပြောင်းတာတွေနဲ့ အတွေ့အကြုံတွေ မျှဝေတာတွေကို အစပျိုးဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပြီး အိုးအိမ်အဆောက်အအုံ ပိုင်ဆိုင်မှုတွေ၊ လယ်ယာကဏ္ဍနဲ့ ဘဏ္ဍာရေးတို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့တာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအတွက် ကူညီဖို့ အရေးကြီးတယ်လို့လည်း ချောင်က ပြောပါတယ်။

ထိုင်ဝမ်က ပေးအပ်တဲ့ ဒီအကူအညီကိုတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမျိုးညွန့်က လက်ခံရယူခဲ့ကာ အဆိုပါ ရန်ပုံငွေဟာ ပြန်လည်တည်ဆောက်ရေးနဲ့ အနာဂတ် ဘေးအန္တရာယ်တွေအတွက် ရေရှည်အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိလာနေတယ်လို့ Gender in Humanitarian Action Working Group (GiHA WG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုက မြို့နယ်ပေါင်း ၇၀ ကျော်မှာ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးကြောင့် သေဆုံးသူဦးရေ ၃၆၀ ထက် မနည်းရှိခဲ့ကာ လူအယောက် ၁၀၀ လောက် ပျောက်ဆုံးနေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီးက ထောက်ပံ့ကူညီနေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013