DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းနှင့် ရေဦးကို ဗုံးကြဲသဖြင့် ဒေသခံ ၁ ဦးသေ၊ မင်းတပ်မြို့ပေါ် အိမ် ၂ လုံးကို စစ်သားများ မီးရှို့
DVB
·
October 6, 2024
ဒီပဲယင်းနှင့် ရေဦးကို ဗုံးကြဲသဖြင့် ဒေသခံ ၁ ဦးသေ၊ မင်းတပ်မြို့ပေါ် အိမ် ၂ လုံးကို စစ်သားများ မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်နဲ့ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို အောက်တိုဘာ ၅ ရက် မနေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ယောက် သေဆုံးပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က အိမ် ၂ လုံးကို စစ်ကောင်စီတပ်သားတွေက ထပ်မံမီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “မြို့ပေါ်မှာရှိနေတဲ့ စစ်သားတွေကပဲ အိမ်တွေကို မီးလိုက်ရှို့နေတာပါ။ အရင်ရက်ကလည်း ရှို့တယ်။ အခုလည်း ၂ လုံး ထပ်ရှို့တယ်။ အခု မီးရှို့ခံရတာ အရှေ့ပြင်ရပ်ကွက်က မြို့ဦးဘုန်းကြီးကျောင်းနားက အိမ် ၂ လုံးပါ။ မီးငြှိမ်းမခံဘူး။ သွားငြှိမ်းကြတဲ့သူတွေ မလာအောင် သေနတ်နဲ့ပစ်ပြီး ခြိမ်းခြောက်လွှတ်တာ” လို့ DVB ကို ပြောပါတယ်။

ခလရ ၂၇၄ တပ်က စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်မြို့ပေါ်က လူနေအိမ်တွေကို အခု အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးတာဖြစ်ပြီဂ အနီးဝန်းကျင်က ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်ကနေ မိသားစုလိုက် စစ်ရှောင်လာတဲ့ အမျိုးသားတယောက်က “စစ်တပ်လက်ထက်မှ ကျနော်တို့လည်း စစ်ဘေးရှောင်ဘဝ ရောက်ရတယ်။ အဲဒါတင်ဘယ်ကလဲ၊ စီးပွားတွေလည်း ပျက်ကုန်တာပေါ့။ ပြည်သူကို နှိပ်စက်တဲ့ သူတို့စစ်တပ်နိဂုံးချုပ်တာကို ကြည့်ချင်လို့ အခုချိန်မှာတော့ ရောက်တဲ့နေရာမှာ ကျန်းမာအောင်ပဲ နေနေရတယ်။ လူမသေ ငွေမရှားပါဘူးဗျာ” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေသလို စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့နယ်ထဲကို လက်နက်ကြီးတွေအပါအဝင် လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတချို့လည်း ထိခိုက်သေဆုံးရတာတွေ ရှိခဲ့ပြီး ပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ဩဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF မင်းတပ်) ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုပေါ်နဲ့ ရေဦးမြို့နယ် တင်းတိမ်ရံရွာကို စစ်တပ်က အောက်တိုဘာ ၅ ရက်နေ့မှာ တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းညီနောင်များ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကိုဖြိုးကြီးက “ဒီပဲယင်းမြို့ပေါ်က သောင်ပြင်ရပ်ကွက်ကို ဒီနေ့  အောက်တိုဘာ ၅ ရက် နေ့လယ်ခင်းက ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်တယ်။ လေယာဉ်ပေါ်ကနေ စက်လတ်နဲ့လည်းပစ်သွားတယ်။ ပြည်သူတွေက မြို့သိမ်းတိုက်ပွဲဖြစ်ကတည်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင်နေတာကြောင့်အထိခိုက်ကတော့ဘာမဖြစ်ခဲ့ဘူး” လို့ ပြောပါတယ်။

သောင်ပြင်ရပ်ကွက်ကို ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနဲ့ ဗုံး ၃ လုံး ကြဲချပြီး ညနေပိုင်းမှာတော့ ရေဦးမြို့နယ်ကို ဗုံးကြဲခဲ့ပါတယ်။

ရေဦး ဒေသခံတယောက်က “ကျနော်တို့ ရေဦးနယ်၊ တင်းတိမ်ရံရွာ ဈေးအနီးကို ညနေ ၆ နာရီ ကျော်အချိန်က စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲတယ်ဗျ။ စက်လတ်နဲ့ပါ ပစ်ခတ်တယ်။ ဗုံးသီးကြဲချလို့ ဒေါ်ဝင်းမာနေအိမ်ပေါ်ကျတယ်။ အိမ်ကတော့ အကုန်ပျက်စီးတယ်။ တောကပြန်ပြီး ရေချိုးနေတဲ့ ဒေါ်ဝင်းမာ အသက် ၄၀ ကျော် နေရာတင် သေဆုံးတယ်ဗျ။ ဒေသခံတွေကတော့  နောက်ထပ်တကြိမ် လာကြဲချမှာကြောက်လို့ နေရပ်စွန့်ခွာနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရေဦးနယ်၊ ဒီပဲယင်းနယ်ကို KIA တပ်တွေ ရောက်ရှိနေတယ်လို့ သတင်းအမှားတွေဖြန့်ဝေနေတာရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ကလည်း ရေဦးနယ်၊ သံသည်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013