DVB Logo
Home
မြန်မာသတင်း
မြစ်ရေတိုက်စားမှုကြောင့် ၉ လအတွင်း ဧရာဝတီတိုင်းက အိမ်အလုံး ၃၀၀ ထက် မနည်း ရွှေ့ပြောင်းခဲ့ရ
DVB
·
October 5, 2024
မြစ်ရေတိုက်စားမှုကြောင့် ၉ လအတွင်း ဧရာဝတီတိုင်းက အိမ်အလုံး ၃၀၀ ထက် မနည်း ရွှေ့ပြောင်းခဲ့ရ
Donate to DVB

ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ ၉ လအတွင်း မြစ်ရေတိုက်စားလို့ ကမ်းပြိုကျပြီး လူနေအိမ် အလုံး ၃၀၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရပြီး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်အထိ ဧရာဝတီတိုင်းအတွင်း တိုးမြစ်၊ ဧရာဝတီမြစ်၊ ငဝန်မြစ်၊ ငါးသိုင်းချောင်းစမြစ်ရေနဲ့ ချောင်းရေတိုက်စားလို့ ကမ်းပြိုကျပြီး လူနေအိမ် ၃၀၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူ တယောက်က “တချို့နွမ်းပါးတဲ့ဒေသခံတွေဆို ဒီနေ့အထိအိမ် ပြန်မဆောက်နိုင်သေးတဲ့သူတွေရှိတယ်။ အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာ။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပန်းတနော်ဘက်မှာ နေအိမ် ၃၀ ကျော်လောက်ကို အရေးပေါ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၉ လအတွင်း ဧရာဝတီတိုင်းက ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ လပွတ္တာ၊ ဘိုကလေး၊ ငပုတော၊ ကြံခင်း စတဲ့ မြို့နယ်က လူနေအိမ်တွေ ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။

ပန်းတနော်မြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “အိမ်ဆောက်ဖို့ မပြောပါနဲ့ အိမ်ဆောက်နေဖို့မြေနေရာပါ ကမ်းပြိုကျတဲ့အထဲပါသွားတာ။ အခု သူများမြေနေရာမှာ ခေတ္တ တောင်းနေရတယ်။ လတ်တလော အကူအညီလောက်နဲ့ အဆင်မပြေပါဘူး။ သက်ဆိုင်ရာက ကူညီပေးတာ အရမ်းအားနည်းပါတယ်။ ကိုယ့်အားကိုယ်ကိုးလုပ်တော့လည်း အိမ် ဆောက်ဖို့တော့ ရတာပေါ့။ မြေနေရာအတွက် ခက်ခဲတယ်လေ” လို့ ပြောပါတယ်။

ကမ်းပြိုကျလို့ အရေးပေါ် နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၃၀၀ ထက်မနည်းက လူဦးရေ ၅၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီပေးတာတွေ သိပ်မရှိဘူးလို့ သိရပါတယ်။

အိမ်ဖျက်ပြောင်းရွှေ့ရတဲ့ ဒေသခံတွေကို စစ်ကောင်စီက လတ်တလောစားသောက်ဖို့အတွက်ပဲ ကူညီထောက်ပံ့ပေးပြီး ဒေသခံတွေကတော့ လတ်လောထောက်ပံ့ပေးမယ့်အစား ကမ်ပါးပြိုကျလို့ ပျက်စီးဆုံးရှုံးတာတွေများတာကြောင့် ရေရှည် ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။

မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျတာတွေဖြစ်လို့ နေအိမ်တွေကို ကြိုတင်ပြောင်းရွှေ့ ဖျက်သိမ်းခဲ့ကြတာကြောင့် လူနဲ့တိရိစ္ဆာန်တွေတော့ ထိခိုက် သေဆုံးတာတာ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013