
စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်ထဲကို ၂ ရက်အတွင်း ထိုင်းဘတ် ၁၁ သန်းကျော်နဲ့ တရုတ်ယွမ် ၂ ဒသမ ၄ သန်းကျော်ကို ရောင်းချပေးခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်မှာ တရုတ်ယွမ် ၁ ဒသမ ၂ သန်းကျော်နဲ့ ထိုင်းဘတ် ၁၀ သန်းကျော် ထုတ်ရောင်းခဲ့ပြီး မနေ့ အောက်တိုဘာ ၃ ရက်မှာ တရုတ်ယွမ် ၁ ဒသမ ၂ သန်းကျော်နဲ့ ထိုင်းဘတ် ၁ သန်းကျော်ကို ထပ်မံရောင်းချခဲ့တာပါ။
ဒေါ်လာရောင်းချမှု အနေနဲ့ကတော့ စက်တင်ဘာ ၃၀ ရက်မှာ ဒေါ်လာ ၁၃ သန်းကျော်နဲ့ အောက်တိုဘာ ၂ ရက်မှာ ဒေါ်လာ ၈ သိန်းနီးပါး ထုတ်ရောင်းခဲ့ပြီး ၃ ရက် မှာတော့ ရောင်းချခဲ့ခြင်း မရှိပါဘူး။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၅ သန်းနဲ့ ထိုင်းဘတ် သန်း ၃၀ အထိ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်အပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က တရုတ်ယွမ် ၁ ဒသမ ၈ သန်းကျော်ကို တကြိမ် ထုတ်ရောင်းချခဲ့ပါသေးတယ်။
လက်ရှိ Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တဒေါ်လာကို ၃,၅၃၅ ကျပ်၊ ထိုင်းဘတ် တဘတ်ကို ၁၀၇ ဒသမ ၁၀ ကျပ်နဲ့ တရုတ်ယွမ် တယွမ်ကို ၄၉၈ ဒသမ ၂၀ ကျပ် ဖြစ်ပါတယ်။
ဗဟိုဘဏ် ပြင်ပ နိုင်ငံခြားငွေဈေးကွက်မှာတော့ အမေရိကန် တဒေါ်လာကို ၄,၇၂၀ ကျပ်၊ ထိုင်းဘတ် တဘတ်ကို ၁၃၉ ဒသမ ၈၆ ကျပ်နဲ့ တရုတ်ယွမ် တယွမ်ကို ၆၆၅ ကျပ် ဖြစ်ပါတယ်။
ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း တိုးမြှင့်တာ၊ ဒေါ်လာ သန်းရာချီ ထုတ်ရောင်းတာတွေနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ ဒေါ်လာဈေးဟာ တဖြည်းဖြည်း အကျဘက်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။