DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီကို စမတ်ကတ်ဖြင့်သာ ရောင်းချရန် စစ်ကောင်စီ စီစဥ်နေ
DVB
·
October 4, 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်သာ ရောင်းချရန် စစ်ကောင်စီ စီစဥ်နေ
Donate to DVB

ပြည်တွင်းစက်သုံးဆီ မှောင်ခိုဝယ်ယူမှုနဲ့ တန်းစီဝယ်ယူတာတွေ မဖြစ်ဖို့အတွက် စက်သုံးဆီဆိုင်တွေမှာ စမတ်ကတ်နဲ့ရောင်းချဖို့ စီစဉ်နေတယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ တရက်ကို တကြိမ်သာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဝယ်ယူလို့ရမယ့် စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ကို မကြာမီ စမ်းသပ်အသုံးပြုဖို့ ရှိနေ​တယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စက်သုံးဆီကို စမတ်ကတ်နဲ့ရောင်းချဖို့ စီစဉ်တာက မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေ အကြိမ်ကြိမ်ထုတ်ယူပြီး ဖြန့်ဖြူးနေတာတွေကို တားဆီးဖို့နဲ့ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူရတာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာပါ။ အသေးစိတ် အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်သွားဖို့ရှိပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ အစပိုင်းကစတင်ကာ စက်သုံးဆီတွေကို တနေ့တကြိမ်သာ ဝယ်ယူခွင့်ပြုမယ့် စမတ်ကတ်စနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်လာတာဖြစ်သလို လက်ရှိမှာ ဆက်လက် အကောင်အထည်ဖော်နေပြီး စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ကို တရားဝင်မစတင်မီ စမ်းသပ်သုံးစွဲကြည့်ဖို့နဲ့ နောက်ပိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ မကြာခဏဆိုသလို ဆီပြတ်လပ်မှုတွေဖြစ်ပေါ်ပြီး ဆီဆိုင်တွေမှာ ကားတွေ တန်းစီပြီးဝယ်ယူမှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေကြောင်း အငှားယာဥ်မောင်းနှင်သူတွေဆီက သိရပါတယ်။

စီးတီးတက္ကစီ အငှားယာဥ်မောင်းတယောက်က “စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချမယ်ဆိုရင် ကားတစီးကို တရက်မှာ တကြိမ်ပဲ ဝယ်ယူလို့ရမယ်ဆိုတော့ ဘယ်လိုအဆင်ပြေမှာလဲ။ ပြီးတော့ သူတို့ရောင်းပေးမယ့်ဆီက တနေ့တာလုံးမောင်းဖို့ လုံလုံလောက်လောက်ရရင်တော့ မဆိုးဘူးပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စက်သုံးဆီတွေကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံအကြား တင်သွင်းခွင့်ရရှိနေပေမဲ့ နိုင်ငံခြားငွေ ချွေတာတဲ့အနေနဲ့ ဆီတင်သွင်းမှုကို လျှော့ချခဲ့မှုကြောင့် ပြည်တွင်းစက်သုံးဆီ မလုံလောက်တာနဲ့ ပြတ်လပ်မှု ပြဿနာတွေ မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူတွေကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013