DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာ
DVB
·
October 4, 2024
မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာ
Donate to DVB

ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဟာ မြင့်တက်လာခဲ့ပြီး မက်သာအဖက်တမင်းနဲ့ ဘိန်းဖြူ ဖမ်းဆီးရမိမှုဟာလည်း တဟုန်ထိုး မြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ထိုင်းအဆင့်မြင့် တာဝန်ရှိသူက ပြောကြားခဲ့တဲ့အကြောင်း ရိုက်တာသတင်းမှာ အောက်တိုဘာ ၂ ရက်က ဖော်ပြပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေဟာ တောင်တန်းတွေ ဒါမှမဟုတ် မဲခေါင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ဒေသကနေတဆင့် မက်သာအဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့ အိုက်စ်လို့ လူသိများတဲ့ မက်သာအဖက်တမင်း ပုံဆောင်ခဲတွေကို ကုန်ကူးနေကြတာလို့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖိကစ်ချော လို့တ်ပရဆေတ်က ပြောပါတယ်။

ONCB ရဲ့ အချက်အလက်တွေအရ အခုနှစ် ပထမ ၈ လခွဲကာလအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ချင်းမိုင်၊ ချင်းရိုင်နဲ့ မဲဟောင်ဆောင်တို့မှာ ဖမ်းဆီးရမိတဲ့ မက်သာဖက်တမင်းဆေးပြား အရေအတွက်ဟာ ၃၄၆ သန်းအထိရှိပြီး ၂၀၂၃ ခုက ဖမ်းဆီးရမိတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ၁၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလို့ သိရပါတယ်။

အဲဒီပြည်နယ်တွေမှာ မက်သာအဖက်တမင်း ပုံဆောင်ခဲ ဖမ်းဆီးရမိမှုမှာလည်း ၆ ဒသမ ၄၈ တန်ရှိပြီး အရင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ဘိန်းဖြူဖမ်းဆီးရမိမှုမှာလည်း ၃၂၇ ကီလိုဂရမ်ရှိကာ ၇ ဆ နီးပါး မြင့်တက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုကို မီးလောင်ရာ လေပင့်ဆိုသလို အားသစ်လောင်းပေးနေပြီး စုဖွဲ့ထားတဲ့ ရာဇဝတ်ဂိုဏ်းကွန်ရက်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မိတ်ဖွဲ့ကာ မူးယစ်ဆေးဝါး အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ အကြီးစားဓာတ်ခွဲခန်းတွေကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ တည်ဆောက်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းပယ်ခဲ့ပြီး စစ်ကောင်စီကတော့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ လက်တွဲ လုပ်ဆောင်နေတယ်လို့ အရင်က ပြောကြားထားပါတယ်။

မူးယစ်ဆေးဝါး ကုန်သွယ်မှုဟာ လက်နက်ကိုင် ပဋိပက္ခကြောင့် လက်နက်တွေ ဝယ်ယူဖို့အတွက် ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေရဲ့ အသုံးစရိတ်အတွက် ရန်ပုံငွေရှာဖို့ အသုံးပြုတဲ့ နည်းလမ်းတွေထဲက တခုဖြစ်နိုင်သလို  မူးယစ်မှောင်ခိုမှုတွေနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးထား ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အဖိကစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေခဲ့ပြီး နိုင်ငံရေး မငြိမ်သက်မှုဟာ ဓာတုဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ မြင့်တက်စေခဲ့တယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ မြင့်တက်နေပေမဲ့ မှောင်ခိုဈေးကွက်မှာ မူးယစ်ဆေးဝါး ဈေးနှုန်းတွေ ဆက်လက် ကျဆင်းနေတာကို ကြည့်မယ်ဆိုရင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးရမိမှုဟာ တစိတ်တပိုင်းလောက်သာဖြစ်ပြီး နိုင်ငံအတွင်း မူးယစ်ဆေးဝါး အမြောက်အမြား ဝင်ရောက်နေဆဲပဲဆိုတာ သိသာထင်ရှားနေတယ်လို့ အဖိကစ်က ပြောပါတယ်။

မက်သာအဖက်တမင်း ဆေးပြားတပြားကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဘတ် ၂၀၀ အထိ ဈေးရှိခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ ဘတ် ၈၀ ရှိခဲ့ရာကနေ အခုလက်ရှိမှာတော့ ၂၅ ဘတ်နဲ့ ဘတ် ၃၀ ကြားသာ ရှိတော့တဲ့အထိ ဈေးကျလာခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းနယ်စပ်ဒေသရှိ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးနာရစ်သန်ဝန်ဝေါင်က မက်သာအဖက်တမင်း ဆေးပြား သန်း ၅၀ ကျော်လောက် ထိုင်းနိုင်ငံထဲကို မှောင်ခိုသွင်းဖို့ အချိန်အခါစောင့်နေတယ်လို့ သူ့တပ်ဖွဲ့အနေနဲ့ ယုံကြည်ထားတဲ့အကြောင်း ပြောပါတယ်။

နောက်ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေမှာ စစ်ကောင်စီကို တွန်းလှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အချို့အပြင် စစ်ကောင်စီကို တိုက်ခိုက်ရာမှာ မပါဝင်တဲ့ အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါဝင်နေတယ်လို့ သူက ဆက်ပြီး ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ် ၃ ခုမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်ကစလို့ မြင့်တက်လာခဲ့ပြီး မက်သာအဖက်တမင်း ပုံဆောင်ခဲ ၂၈၄ ရာခိုင်နှုန်း၊ အမ်ဖက်တမင်း ဆေးပြား ၂၀၁ ရာခိုင်နှုန်းနဲ့ ဘိန်းဖြူ ၇၇ ရာခိုင်နှုန်း စသဖြင့် ဖမ်းဆီးရမိမှုတွေ အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

 Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013