
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က ဗျူဟာမကျရေး ပြန်လည်ခုခံနေရတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီက လေကြောင်းအပြင် အမြောက်တပ်နဲ့ တောင်ကလေးကျေးရွာကနေ လက်နက်ကြီးတွေနဲ့ နေ့ည ပစ်ခတ်နေပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း စစ်ကြောင်းတွေက စခန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူရှိတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်တာပှံမှန်အတိုင်းပဲ ပစ်နေတာ။ လေကြောင်းကတော့ ၁ ရက်ခြား ၂ ရက်ခြားပဲ။ လေကြောင်း အသုံးနည်းလာတယ်။ အမြောက်လက်နက်ကြီးကတော့ နေ့တိုင်းလိုလိုပဲ။ သေတာကျတာတော့ရှိတယ်၊ ဒါပေမဲ့ အတိအကျတော့ ပြောလို့မရဘူး။ သူတို့က စခန်းထဲမှာဆိုတော့ ဒရုန်းနဲ့ဆို အသေအကျေကတော့ အနည်းနဲ့အကျဉ်းကတော့ ရှိတယ်။”
အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေက ကြားအင်ဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာအတွင်းကို စစ်ကောင်စီ ဝဲကလီအမြောက် တပ်ကနေ ဟောက်ဝှစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲလာတဲ့အပြင် စစ်နဲ့ပတ်သက်ပြီး စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်မှုတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “အဆိုးဆုံးကတော့ တိုက်ပွဲဖြစ်လို့ အိမ်တွေယာတွေ မီးလောင်သွားတယ်၊ နေရာတွေ ပျက်စီးသွားတယ်၊ ပြီးရင် မိသားစုဝင်တွေ သေဆုံးသွားတယ်။ ဒါဆိုရင်တော့ သူတို့အတွက်က စိတ်ပိုင်းရုပ်ပိုင်းပိုပြီး ထိခိုက်တယ်။ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့မှ အရမ်းကိုခက်ခဲလာတယ်။ ချုံငုံပြီးပြောရရင် စစ်နဲ့ပတ်သက်ပြီး ပဋိပက္ခဒဏ်ကို တိုက်ရိုက်ခံစားရတဲ့ ဧရိယာက စစ်ရှောင်တွေက ပိုပြီးတော့ စိတ်ပိုင်းရုပ်ပိုင်း ပိုပြီး ထိခိုက်မှုရှိတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ လယ်ယာလုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ရတဲ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီး သားသမီးတွေရဲ့ ပညာသင်ကြားဖို့ အခွင့်အလမ်းတွေပါ ဆုံးရှုံးနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာကို တပ်သားသစ်တွေ အင်အားဖြည့်တင်းထားတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ သံဖြူဇရပ်လမ်းပိုင်း (ရဲတံခွန်)၊ ပယောဟဲ(ဇီးနှစ်ပင်)၊ ဆင်တောင်စတဲ့ အနီးဝန်းကျင်ကနေ စစ်ကြောင်းထိုးလှုပ်ရှားနေပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရပြီး တာဝန်မထမ်းဆောင်ချင်တာကြောင့် ထွက်ပြေးလာတဲ့ တပ်သားသစ် ၁၀ ယောက်ရှိပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အောင်ခန့်