DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် အုန်းအနုသီးများ ပြည်ပမတင်ပို့နိုင်သဖြင့် လုပ်ငန်းရှင်များ အခက်တွေ့
DVB
·
October 1, 2024
ဧရာဝတီတိုင်းထွက် အုန်းအနုသီးများ ပြည်ပမတင်ပို့နိုင်သဖြင့် လုပ်ငန်းရှင်များ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ အုန်းအနုသီးတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့သာ တင်ပို့နေရတာကြောင့် စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် အုန်းအနုသီးတွေကို အရင်က ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေကို အကန့်အသတ် အခက်အခဲမရှိ တင်ပို့ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တင်ပို့နေကျနိုင်ငံတိုင်းကို အပြည့်အဝ ပြန်လည်မတင်ပို့နိုင်သေးတာ၊ ထိုင်းနိုင်ငံတခုတည်းကို အကန့်အသတ်နဲ့သာ တင်ပို့နေရတာ၊ ထိုင်းဈေးကွက်က သူတို့လိုအပ်ချက်ရှိချိန်မှသာ ဝယ်ယူတာကြောင့် အခက်အခဲ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။

ပုသိမ်မြို့နယ်က အုန်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အခု နည်းနည်းပါးပါး တင်ပို့နေရတဲ့ ထိုင်းက အုန်းသီးစိုက်ပျိုးတဲ့နိုင်ငံလေ၊ သူတို့က ဈေးကွက်လိုအပ်ချက်ရှိမှ များများမှာယူတာ။ ပုံမှန်ဆိုရင် ဈေးကွက်က အဲ့လောက် မကောင်းဘူး။ အခြား ပြည်ပဈေးကွက်တွေကလည်း တရက်နဲ့တရက် ဆိုးလာတဲ့ အကျပ်အတည်းတွေကြောင့် အဆင်မပြေဘူး။ ဒါ့ကြောင့် ၄ နှစ်နီးပါးရှိလာတဲ့ လက်ရှိအချိန်အထိ အုန်းအနုသီးဈေးကွက်က ပျက်လုနီးပါး ဖြစ်နေတာ။ အုန်းအနုသီးတွေ ပြည်ပဈေးကွက် မတင်ပို့နိုင်တော့ စိုက်တဲ့သူတွေက အဓိက အခက်တွေ့ကုန်တာပေါ့။ ပြည်တွင်းဈေးကွက်က ဘာမှမလုပ်မဖြစ်ပါဘူး” လို့ ပြောပါတယ်။

အုန်းအနုသီး ပြည်ပဈေးကွက် ပျက်လုနီးပါးအထိ ဖြစ်လာတဲ့အတွက် ပြည်တွင်းဈေးကွက် တခုတည်းကိုသာ အားကိုးနေရတာကြောင့် လက်ရှိ ပြည်တွင်းဈေးကွက်မှာ အုန်းအနုသီး အလုံး ၁၀၀ ကို ငွေကျပ် ၈၅,၀၀၀ ကနေ ၉၉,၀၀၀ အထိသာ ဈေးပေါက်နေကာ အရင်က အုန်းအနုသီး အလုံး ၁၀၀ ကို ငွေကျပ် ၁၃၅,၀၀၀ မှ ၁၆၅,၀၀၀ အထိ ဈေးရရှိခဲ့တယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ်က အုန်းသီးစိုက်ပျိုးရေး လုပ်ငန်းရှင်တယောက်က “ဒီဘက်ကထွက်တဲ့ အသီးတွေက ဈေးကွက်မှာ ရောင်းပန်းလှတယ်။ အခုတော့ ပြည်တွင်းဈေးကွက် တခုတည်း အားကိုးရတော့ ဈေးကောင်းမရလို့ ရင့်တဲ့အထိပါ ဖြစ်ကုန်တာ။ အုန်းအနုသီးဈေးက အဆမတန် ထိုးကျနေတဲ့အပြင် ဈေးကွက်ပါ ပျက်လာပြီ။ အုန်းအနုသီးတွေကို အရင်က ဝယ်ယူသူတွေနဲ့ ချိတ်ဆက်ထားပြီး အချိန်ကိုက် တင်ပို့ရောင်းချရတာတော့ အခက်အခဲမရှိ အဆင်ပြေတယ်။ ငွေလည်း မြန်မြန်ပြန်ပေါ်တယ်။ အုန်းသီးတွေကို ရင့်တဲ့အထိ စောင့်စရာမလိုဘဲ စိုက်ပျိုးသူတွေအတွက် အရင်းအနှီး ငွေချက်ချင်းပေါ်တာလေ။ တခြားဘက် ထပ်ရင်းနှီးလို့ရတယ်။ အခုတော့  အုန်းသီးက အနုလည်း ဈေးမရသလို အရင့်သီးကလည်း လုပ်သားခတောင် ပြန်မဝင်လို့ ဒုက္ခရောက်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာ အုန်းစိုက်ပျိုးရေးလုပ်ငန်းလည်း ပါဝင်ပြီး အုန်းသီးနှံကို ဖျာပုံ၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ပန်းတနော်၊ အင်္ဂပူ၊ သာပေါင်း၊ ငွေဆောင်၊ ပုသိမ်၊ ငပုတော စတဲ့မြို့နယ်တွေက ဒေသခံတောင်သူတွေက အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အရောင်းအဝယ်လုပ်ငန်းကို ရပ်နားလိုက်ပါက ဒီလုပ်ငန်းကို မှီခိုနေတဲ့ အုန်းလုပ်သားတွေ၊ အုန်းအခွံခွာ လုပ်သားတွေ၊ ကုန်ကားသမားတွေ၊ အုန်းခြံစောင့်လုပ်သားတွေပါ အခက်အခက် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

Photo - Myo Tun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013