“စစ်ပွဲကို ဆင်နွှဲနိုင်စွမ်းရှိသူတွေ” ငြိမ်းချမ်းရေးကိုပဲ ရွေးကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး အီစတာတရားပွဲမှာ မိန့်ကြားပါတယ်။
“ဒီနေ့အခါသမယမှာ ပဋိပက္ခတွေ၊ လွှမ်းမိုးချုပ်ကိုင်တာတွေနဲ့ အာဏာလိုချင်တဲ့ စိတ်ဆန္ဒ အားလုံးကို စွန့်လွှတ်ပြီး စစ်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေးပေးဖို့ ဘုရားသခင်ဆီ တောင်းခံကြရအောင်” လို့ ပုပ်ရဟန်းမင်းက တိုက်တွန်းခဲ့ပါတယ်။
လူထောင်ပေါင်းများစွာ သေဆုံးနေတာကို လျစ်လျူရှုပြီး အကြမ်းဖက်မှုတွေနဲ့ အသားကျမလာဖို့လည်း သူက သတိပေးပါတယ်။
အမေရိကန်ဖွား ပထမဆုံး ပုပ်ရဟန်းမင်းဖြစ်တဲ့ လီယိုဟာ အီရန်စစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပေမဲ့ ဒီမိန့်ခွန်းမှာတော့ နိုင်ငံ ဒါမှမဟုတ် ပဋိပက္ခ နာမည်ကို တိုက်ရိုက် မရည်ညွှန်းခဲ့ပါဘူး။
လာမဲ့ ဧပြီ ၁၁ ရက်နေ့မှာလည်း ငြိမ်းချမ်းရေးဆုတောင်းပွဲ ဦးဆောင်ကျင်းပမယ်လို့ ကြေညာထားပါတယ်။
ဧပြီ ၄ ရက် ညပိုင်းက ကျင်းပတဲ့ ဆုတောင်းပွဲမှာလည်း ကမ္ဘာတဝန်းက ပဋိပက္ခတွေအတွက် စိတ်မပျက်ကြဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
စစ်ပွဲတွေကို စတင်ပြီး လက်မှာ သွေးစွန်းနေတဲ့ ခေါင်းဆောင်တွေရဲ့ ဆုတောင်းတွေကို ဘုရားသခင်က လက်ခံမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။
မတ် ၃၁ ရက်မှာလည်း စစ်ပွဲအဆုံးသတ်နိုင်မဲ့ ထွက်ပေါက်တခုရှာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို သူက တိုက်ရိုက် မေတ္တာရပ်ခံခဲ့ပါတယ်။
Source: Reuters










