DVB Logo
Home
မြန်မာသတင်း
မတ္တရာနယ်က သုံးဆယ်ပေးရွာစခန်း အပါအဝင် စခန်းအချို့ကို စစ်ကောင်စီပြန်သိမ်း
DVB
·
September 27, 2024
မတ္တရာနယ်က သုံးဆယ်ပေးရွာစခန်း အပါအဝင် စခန်းအချို့ကို စစ်ကောင်စီပြန်သိမ်း
Donate to DVB

မတ္တရာနယ်က PDF တွေ သိမ်းယူထားတဲ့ သုံးဆယ်ပေးရွာစခန်း အပါအဝင် စခန်းတချို့ကို စစ်ကောင်စီက သာလွန်အင်အားသုံးပြီး ပြန်လည်သိမ်းယူခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာနယ်က သုံးဆယ်ပေးရွာစခန်း အပါအဝင် စခန်းတချို့ကို စစ်ကောင်စီက စက်တင်ဘာ စတုတ္ထအပတ်ထဲမှာ ပြန်လည်သိမ်းယူသွားတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာနယ်တွေက စခန်းအများအပြားကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး အချိန်တလဝန်းကျင်အကြာမှာ တပ်စခန်းတချို့ကို PDF တွေက ပြန်လက်လွှတ်ခဲ့ရတာပါ။

ဩဂုတ် ၂၉ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ပြည်တွင်းစစ်ဆင်ရေးတွေ  ရပ်ဆိုင်းဖို့  တိုက်တွန်းထားတဲ့ ရွှေလီမြို့  နိုင်ငံတော်လုံခြုံရေးကော်မတီရဲ့  စာထွက်ပေါ်ပြီးနောက် တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့  သတင်းတွေ ရပ်တန့်သွားပြီး စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြန်လည်သိမ်းယူသွားတဲ့ သုံးဆယ်ပေးရွာစခန်းအပါအဝင် တပ်စခန်းတွေဟာ လပခ တည်ရှိရာ မန္တလေးမြို့နဲ့  နီးကပ်တဲ့နေရာမှာရှိတဲ့ မတ္တရာမြို့နယ်ထဲက စခန်းတွေဖြစ်ပါတယ်။

မတ္တရာ PDF ရဲဘော်တယောက်က “ထူးတာကတော့ ကျနော်တို့ အရင်ထိုင်တဲ့ သုံးဆယ်ပေးကတော့ ပေးလိုက်ရပြီ။ သုံးဆယ်ပေး မြောက်ဘက်တတန်းတည်းရွာတွေ ကုန်းတန်းကြီးတို့၊ ကုန်းတန်းလေးတို့ အဲ့ဒီဘက်ခြမ်းတွေလည်း ပြန်ပေးလိုက်ရပြီပေါ့။ သူတို့ဘက်က အင်အားအလုံးအရင်းတွေနဲ့တက်လာတော့ ပြန်ပေးလိုက်ရတာပေါ့။ သူတို့က လေယာဉ်ရောပါတယ်ဗျာ။ လက်နက်ကြီး ၆ နေရာက ထုတယ်။ အောက်ကအင်အားက ၄၀၀ ကျော်လောက် စစ်ကြောင်းကထိုးလာသေးတယ်။ အဲ့ဒီကျတော့ ကိုယ့်ဘက်ကမှ အင်အား မရှိဘူးဆိုတော့ လုံးဝအဆင်မပြေတော့ ပြန်ဆုတ်ပေးလိုက်ရတယ်။ အပေါ်က ဖိုက်တာ ၂ စင်းကဝဲတော့၊ နောက်ထပ် Y12 ကလည်းဝဲနေတော့ အခြေအနေသိပ်မဟန်တာနဲ့ ကိုယ့်ဘက်က လက်နက်အင်အားမမျှတာပေါ့။ အဲ့လိုမျိုးကြောင့်မို့လို့ ပြန်ဆုတ်ပေးလိုက်ရတာ” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ခဲ့တဲ့ ဇွန် ၂၅ ရက်နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့က ရှမ်း-မန်းနယ်ထဲက နောင်ချို၊ မိုးကုတ်၊ စဉ့်ကူးနဲ့ မိုးမိတ်မြို့တွေကို သိမ်းယူခဲ့ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဟာ မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ အထိ စိန်ခေါ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ 

လတ်တလော မန္တလေးမြို့ပေါ်မှာ လုယက်ဓားပြတိုက်မှုတွေ၊ မတရားခြိမ်းခြောက် ဖမ်းဆီးငွေကြေး တောင်းခံတာတွေ၊ တပ်သားသစ်စုဆောင်းတွေကို စစ်ကောင်စီက ပြုလုပ်နေတယ်လို့ မြို့ခံတယောက်ကပြောပါတယ်။

“ဓားပြတိုက်တာကတော့ သူတို့ပဲ တိုက်တာလေ ပြောရရင်။ သူတို့ပဲ လုပ်နေတာချည်းကို။ သူတို့ပဲဆိုတာထက် သူတို့ တဖွဲ့တည်းသာတွေ သူခိုးဂျပိုးတွေပေါ့။ မန္တလေးမှာ၊ မိုက်တဲ့ ကောင်ခေါ်တာပဲ ရှင်းရှင်းပြောရရင် မင်း လုပ်ချင်တာလုပ်ပဲ။ ကျောက်ဝိုင်းကတော့ ဒီအတိုင်းပဲ အခြေအနေကတော့ အရောင်းအဝယ်ကတော့ မကောင်းဘူး။ သူတို့ရဲ့လှုပ်ရှားမှုက အရပ်သား ပုံစံမျိုးဆိုတော့ ခွဲခြားမသိဘူး။ ကျောက်ဝိုင်းက ကလေးတွေ လျှောက်ဖမ်းပြီးတော့ ဖုန်းတွေ သိမ်းပြီးတော့ ငွေညှစ်တာ။ ဒါပေမယ့် သူတို့က ဖမ်းရင်တလမ်းလုံး၊ ၃၈ လမ်းဆို ၃၈ လမ်း တလျှောက်ကြီးဖမ်းတာ။ အဲဒါပြီးလို့ နေ့ ၁၂ နာရီထိုးပြီဆိုရင် ဖမ်းပြီး တနေရာ သူတို့ ပြန်ရွှေ့သွားတယ် အဲ့ဒီလိုမျိုးသူတို့က။"

TNLA ကို ပြည်တွင်းစစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းထားတဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီရဲ့စာထွက်ပေါ်ပြီးနောက် စက်တင်ဘာ ၁၉ ရက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် (MNDAA) က မူလနိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို လုံးဝပြောင်းလဲမှာ မဟုတ်ကြောင်း၊ နိုင်ငံတော်ကနေ ခွဲထွက်တာ၊ နိုင်ငံတော်အာဏာကို လုယူတာ၊ လွတ်လပ်ရေးယူပြီး နိုင်ငံသစ်ထူထောင်တာတွေကို လုံးဝပြုလုပ်မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုက်အဝန်း တွေနဲ့ ပူးပေါင်းဆက်ဆံတာ၊ မဟာမိတ်ဖွဲ့တာတွေ ပြုလုပ်မှာ မဟုတ်ကြောင်း၊ NUG နဲ့ စစ်ရေး နိုင်ငံရေးပူးပေါင်းတာ၊ စစ်မြေပြင် ချဲ့ထွင်တာ၊ မန္တလေးနဲ့တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်တာ တွေ လုပ်မှာမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013