DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်၌ စစ်ရှောင်သားအမိ ၂ ဦး ရေထဲမျောပါ၊ ကနီတွင် ချောင်းရေတိုက်စားပြီး ကမ်းပြို
DVB
·
September 27, 2024
ဆောမြို့နယ်၌ စစ်ရှောင်သားအမိ ၂ ဦး ရေထဲမျောပါ၊ ကနီတွင် ချောင်းရေတိုက်စားပြီး ကမ်းပြို
1 / 6
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီ၀န်းကျင်က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ကျောက်ထုတိုက်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးရေလျှံလို့ စစ်ဘေးရှောင် သားအမိ ၂ ယောက် ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

ဆောမြို့နယ်ပြည်သု့အုပ်ချုပ်ရေးအဖွဲ့၀င်တယောက်က “မိုးကသည်းကြီးမဲကြီးရွာခဲ့လို့ တောင်ကျရေက အလုံးအရင်းနဲ့ကျလာတာ။ ကျောက်ထုတိုက်နယ်ထဲက လယ်ကြီးအိုင်၊ ချောင်းခွနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းမှာ ရေကြီးရေလျှံပြီး ရေနစ်မြုပ်တဲ့ဒဏ်ကိုပါ ခံစားနေကြရတယ်။ တချို့စစ်ဘေးရှောင်တွေဆိုရင် ချက်ပြုတ်စားစရာအိုးခွက်ပန်းကန်တွေကအစ ရေနဲ့မျောပါကုန်တယ်” လို့ ပြောပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စစ်ဘေးရှောင်နေတဲ့ သားအမိ ၂ ယောက်  ရေစီးနဲ့မျောပါခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ CDF မင်းတပ် ဆီကနေသိရပါတယ်။

CDF မင်းတပ် ပြန်ကြားရေးတာ၀န်ခံက “သူတို့မိသားစုက ယောနယ်ဘက်ကပါ။ စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲနေလို့ တောင်ဇလပ် စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်နေကြတာ။ ၂၅ ရက်နေ့ညနေပိုင်းက တောင်ကျရေတွေ ဆင်းလာတော့ သူတို့သားအမိ ၂ ယောက်ရေစီးနဲ့မျောပါသွားတာ။ ၂၆ ရက်နေ့မှာ ကလေးအလောင်း ပြန်တွေ့တယ်။ ညနေပိုင်းအထိ ဆက်ရှာနေတာတော့ အမျိုးသမီးအလောင်းမတွေ့သေးဘူး။ တခြားစစ်ရှောင်တွေထဲကလည်း ပျောက်နေတဲ့သူတွေရှိတယ်လို့တော့သိထားရတယ်။ အတိအကျသိရဖို့ စာရင်းတွေပြုစုနေကြဆဲပါ” လို့ ပြောပါတယ်။

ရေစီးနဲ့မျောပါသွားကြတဲ့ သားအမိရဲ့မိသားစုမှာ မိသားစု၀င် ၈ ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက ခရီးထွက်နေကာ ရေစီးနဲ့မျောပါသွားပြီးပျောက်ဆုံးနေတဲ့ မိခင်ဖြစ်သူအမျိုးသမီးဟာ အသက် ၄၀ ၀န်းကျင် ဒေါ်နိုင်းချေး ဖြစ်ပါတယ်။ သေဆုံးလျက်အလောင်းပြန်တွေ့သူကတော့ သူတို့ရဲ့သားဖြစ်တဲ့ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန် ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုဒဏ်ကိုခံစားနေရတဲ့ ကျောက်ထုတိုက်နယ်ထဲက လယ်ကြီးအိုင်၊ ချောင်းခွနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် အ၀တ်အထည်၊ ဆေးဝါးတွေအပြင် စားနပ်ရိက္ခာတွေနဲ့ အိုးခွက်ပန်းကန်တွေကအစ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ် ကားလမ်းရဲ့ တချို့နေရာတွေ ပျက်စီးသွားသလို အဆိုပါလမ်းပေါ်မှာရှိတဲ့ တံတား တစင်းဟာလည်း ရေတိုက်စားပြီး ပျက်စီးသွားတဲ့အတွက် ခရီးသွားပြည်သူတွေကယာယီပြင်ဆင်ထားပြီး မော်တော်ယာဥ်တွေကတော့ ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ပါဟဲရွာမှာ စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီ လောက်က ချောင်းရေတိုက်စားပြီး ကမ်းပြိုကျတာကြောင့် နေအိမ်တွေ ရွှေ့ပြောင်းဖို့ အရေးပေါ် လိုအပ်နေတယ်လို့ ပါဟဲရွာ ဒေသခံတွေက ပြောပါတယ်။

ပါဟဲရွာရဲ့ဘေးမှာ မဟူတောင်ဘက်ကနေ စီးကျလာတဲ့ တောင်ကျ ချောင်းရေက ရွာမြေကို တိုက်စားတာကြောင့် ပြည်သူနေအိမ်တွေ ရွှေ့ပြောင်းဖို့ အရေးပေါ်လိုအပ်တာလို့ ဆိုပါတယ်။

ပါဟဲရွာသားတယောက်က “ရွာကို မတိုက်စားအောင် ချောင်းရေမလာခင်ကတည်းက ရေကာတာ ရိုက်ထားတာတော့ ရှိတယ်။ မိုးကများပြီး ချောင်းရေကကြီးလို့ ရေကာတာကျိုးပျက်ပြီး ရွာမြေကို တိုက်စားလာတာ။ မနေ့ညကဆိုရင် လယ်ယာသုံးပစ္စည်းတွေ၊ အိမ်မွေးခွေး၊ ဝက်၊ နွား၊ ကျွဲ စတဲ့တိရစ္ဆာန်တွေ အကုန် ချောင်းရေနဲ့အတူ မျောပါကုန်တယ်။ လူတွေကတော့ သေဆုံးတာ မရှိသေးဘူး။ လူနေအိမ်တွေကတော့ အရေးပေါ် ရွှေ့ဖို့ လိုအပ်နေတယ်” လို့  ပြောပါတယ်။

အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ပါဟဲရွာဟာ မင်းကင်းမြို့နယ်နဲ့ အစပ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာဖြစ်ပါတယ်။

ပါဟဲရွာအုပ်ချုပ်ရေးမှူဟောင်းတယောက်က “မိုးကလည်း အဆက်မပြတ်ရွာနေတာ။ ဒီ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ မိုးကတော့ လင်းသွားတဲ့ အနေထားဗျ။ ချောင်းရေလည်း အတော်လေးကို ကျသွားပါပြီ။ ကူညီမှုကတော့ လိုအပ်တာပေါ့ဗျာ။ ကျနော်တို့ရွာသူရွာသားတွေ စုပေါင်းပြီး နောက်ထပ် မြေပြိုမှု မဖြစ်အာင် ယာယီ ရေကာတာတွေ ရိုက်နေကြတယ်။ ဒီနေ့လည်း ရိုက်ကြတယ်။ မနက်ဖြန်လည်း ထပ်ရိုက်ဖို့ ရှိတယ်ဗျ။ အ‌ရေးပေါ် ပြောင်းရွှေ့ရမယ့် အိမ်ကတော့ ၅ လုံး ရှိတယ်ဗျ။ နောက်ထပ် ချောင်းရေ ထပ်ပြီး တိုက်စားဦးမယ်ဆိုရင်တော့ တရွာလုံးပါမယ့်ကိန်းပဲ။ အကူအညီတွေကတော့ ဘယ်ကမှ ရောက်မလာပါဘူး” လို့  ပြောပါတယ်။

ပါဟဲရွာအတွင်း ချောင်းရေဝင် ရောက်တာကြောင့် ဒေသခံ တောင်သူတွေရဲ့ မြေပဲ၊ ပဲကြီး၊ စပါး စတဲ့ မျိုးသီနှံတွေ ရေဝင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013