
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းမှာ အောက်တိုဘာ ၅ ရက်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရုတ်တရက် ကမ်းပြိုကျကာ ဒေသခံ မိသားစုတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က စတင်ပြီး ရုတ်တရက် ကမ်းပြိုကျတာကြောင့် ကမ်းပြိုကျနေတဲ့ နေရာအနီးမှာရှိတဲ့ လူနေအိမ် ၃၈ လုံးက အရပ်သား ၁၁၀ ကျော်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရပ်ကွက်နေသူတယောက်က “ညပိုင်းမှာ ကမ်းပါးက ရုတ်တရက် ပြိုကျလာတာပါ။ အိမ်တွေနဲ့ ကမ်းပါးက နီးတော့ အန္တရာယ်ရှိမှာစိုးလို့ လူတွေကို ချက်ချင်း ရွှေ့ပြောင်းပေးရတယ်။ တချို့အိမ်တွေကလည်း ပစ္စည်းတွေကို အမြန်ရွှေ့နေရတယ်” လို့ ပြောပါတယ်။
အဆိုပါ ကမ်းပြိုကျမှုကြောင့် နေအိမ်မဲ့ဖြစ်သွားသူတွေကို အမှတ် ၂ ရပ်ကွက်ရှိ သာသနာ့ဗိမာန်မှာ ခေတ္တရွှေ့ပြောင်း နေရာချထားပေးပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာ ဟုတ်ပါတယ်။ လူတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။
ကမ်းပြိုဘေးသင့် ဒေသခံ အရပ်သားတွေကို ကံမမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း သွားရောက်ကူညီပြီး ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။











