DVB Logo
Home
မြန်မာသတင်း
ယာဂီမုန်တိုင်းကြောင့် လူ ၁၀၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးဟု  NUG  ထုတ်ပြန်
DVB
·
September 26, 2024
ယာဂီမုန်တိုင်းကြောင့် လူ ၁၀၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးဟု  NUG  ထုတ်ပြန်
Donate to DVB

ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ပြည်သူသိန်းချီ ရေဘေးဒဏ်ခံစားနေရပြီး သေဆုံးနဲ့ ပျောက်ဆုံးသူ ဦးရေ ၁၀၀၀ ကျော်အထိရှိလာပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ တပ်ရင်းစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေက ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ပေးနေပြီး ငွေသားနဲ့ ရိက္ခာခြောက်တွေ ပေးပို့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ရေဘေးဒဏ်သင့် ပြည်သူတွေထံသို့ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက သိမ်းဆည်းတာ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့တာတွေလုပ်နေတယ်လို့ NUG-MOD က ပြောပါတယ်။ 

စက်တင်ဘာလအစောပိုင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေရာအနှံ့အပြား မိုးကြီးပြီး၊ ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဆည်တွေက ရေထုတ်လွှတ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ပဲခူးတိုင်းက ဒေသခံပြည်သူ ထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးနေဆဲပဲလို့ NUG လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း  စက်တင်ဘာ ၁၇ ရက်က ပူးတွဲထုတ်ပြန်ထားပါတယ်။  

ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ ၇ သိန်းလောက် ထိခိုက်နိုင်မယ် ခန့်မှန်း ထားပြီး လူနေအိမ်တွေပြိုကျ ပျက်စီးတာ၊ ပိုင်ဆိုင်ပစ္စည်းတွေ ဆုံးရှုံးတာ၊ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာ မွေးမြူရေးတိရိစ္ဆာန်တွေ သေကျေပျက်စီးတာနဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၁၉ ယောက် ရှိလာကြောင်း ထုတ်ပြန်ထားပါတယ်။  လူဦးရေ ၁၄၀၀၀၀ ကျော် ရေဘေးဒုက္ခရောက်ပြီး ဘာသာရေးအဆောက်အအုံ ၂၅၀ ကျော်၊ လမ်းတံတား ၉၀၀ ကျော် ရေမျောပျက်စီးခဲ့တဲ့အပြင် လျှပ်စစ်မီးတိုင်တွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ များစွာပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ရေဘေးကယ်ဆယ်ရေးကူညီပေးနေသူတယောက်က “သေဆုံးသူ ကွာခြားမှုက လူတိုင်းက သိတယ်။ စစ်ကောင်စီက တသက်လုံးက သတင်းမှန်ဘယ်တုန်းကမှ ပြောခဲ့တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အဆုံးစွန်ထိ လိမ်မှာပဲ။ သူရဲ့ ညံ့ဖျင်းမှုတွေ၊ သူရဲ့ အာနည်းချက်တွေ သူရဲ့ အသုံးမကျမှုတွေ မပေါ်အောင်လို့တော့ ကမ္ဘာကမသိအောင်လို့ သူကတော့လိမ်မှာပဲ။ သူ့ရဲ့ အကျင့်ပဲ” လို့ ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ရေဘေးသင့်ပြည်သူတွေကို ပရဟိတအသင်းတွေက ကူညီထောက်ပံ့တာတွေ တားဆီးပိတ်ပင်ခဲ့ပါတယ်။

WFP က ရေဘေးသင့်ပြည်သူ ၅ သိန်းအထိ ကူညီဖို့လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နဲ့ အာဟာရအထောက်အပံ့ တလစာကို WFP ဝန်ထမ်းတွေကိုယ်တိုင် တိုက်ရိုက် ဖြန့်‌ဝေကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်တလျှောက် ပျက်စီးဆုံးရှုံးမှုတွေ တော်တော်များများပြီး  အဖွဲ့အစည်းကြီးကြီးတွေရဲ့ အကူအညီတွေ လိုတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “WFP က အပေါ်ကနေလာတာ၊ သူက အဖွဲ့အစည်းကြီးတော့ ပြောမတတ်ဘူး။ လာရင်လည်း လာနိုင်တယ်။ ပထမ တခေါက်ကော အခုတခေါက်ကော နိုင်ငံတကာ အဖွဲ့အစည်းကြီးကြီးတွေလာတာမရှိသေးဘူး။ လိုအပ်ချက်တွေအများကြီးရှိတော့ ကူညီပေးစေချင်တယ်။  ဒီတခေါက်ရေကြီးတဲ့အပေါ်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ တော်တော်များများရှိတယ်။ အဖွဲ့အစည်းကြီးတွေရဲ့ အကူအညီတွေ လိုတယ်”လို့ ပြောပါတယ်။

ဇူလိုင်နဲ့ သြဂုတ်လအတွင်း WFP က အရေးပေါ်အကူအညီအနေနဲ့ ရေဘေးသင့်ပြည်သူ ၁၈၅၀၀၀ ကို စားနပ်ရိက္ခာအကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် လက်ရှိအချိန်အထိ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီး နိုင်ငံတဝန်း အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခလောက် ရေးဘေးသင့်ခဲ့တယ်လို့  WFP က ထုတ်ပြန်ပါတယ်။ 

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013