DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးကြီး ခွန်ဥက္ကာနုတ်ထွက်သော်လည်း PNLA တပ်များ PNLO ဦးဆောင်မှုအောက် ဆက်ရှိမည်
DVB
·
September 23, 2024
ဗိုလ်မှူးကြီး ခွန်ဥက္ကာနုတ်ထွက်သော်လည်း PNLA တပ်များ PNLO ဦးဆောင်မှုအောက် ဆက်ရှိမည်
Donate to DVB

ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့  ဗဟိုအလုပ်မှုဆောင် ၁၀ ရာခိုင်နှုန်းဝန်းလောက် နုတ်ထွက်သွားပေမဲ့ PNLA တပ်တွေကတော့ လက်ရှိ PNLO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA)  ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက DVB ကို ပြောပါတယ်။

ခွန်သူရိန် ဦးဆောင်တဲ့  (PNLO-ခွဲထွက်) အဖွဲ့ကနေ အပြီးအပိုင် နုတ်ထွက်လိုက်ကြောင်းနဲ့ နောက်နောင် (PNLO-ခွဲထွက်)ရဲ့ လုပ်ဆောင်မှု အဝဝဟာ မိမိနဲ့ လုံးဝ သက်ဆိုင်တော့မှာ မဟုတ်ကြောင်း   PNLO/PNLA ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ဒါဟာ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့တဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်တွေကို လက်မခံတာကြောင့် အခုလိုနုတ်ထွက်တာဖြစ်တယ်လို့ PNLO ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

PNLO ဗဟိုအလုပ်မှုဆောင်အစည်းအဝေးကနေ အဖွဲ့ကို ဦးဆောင်ဖို့ ဥက္ကဋ္ဌ အဖွဲ့ ၃ ယောက် ၊ အထွေထွေအတွင်းရေးမှူး ၁ ယောက် ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ တယောက် စုစုပေါင်း ပုဂ္ဂိုလ် ၅ ယောက်ကိုတာဝန်ပေးခဲ့တာပါ။

ခုလိုဆုံးဖြတ်တာဟာ ခေါင်းဆောင်မှုပိုင်းကို ပိုပြီးကျစ်လစ်အောင်ဆောင်ရွက်တာဖြစ်ပြီး ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ဗဟိုအလုပ်မှုဆောင် ၁၀ ရာခိုင်နှုန်း ဝန်းကျင်လည်း အစည်းအဝေးမှာ နုတ်ထွက်ဖို့တင်ပြလာခဲ့တယ်လို့လည်း PNLOပြောခွင့်ရသူက ပြောပါတယ်။

အခုလိုမျိုး နိုင်ငံရေးဦးဆောင်မှုပိုင်းမှာ ပါဝင်နေသူတချို့ နုတ်ထွက်တာတွေရှိပေမဲ့လည်း PNLA တပ်တွေကတော့ အဖွဲ့အစည်းရဲ့ ကွပ်ကဲမှုအောက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့လည်း ဆိုပါတယ်။

PNLO/PNLA ဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCAလမ်းကြောင်းကို လက်မခံတော့ဘဲ နွေဦးတော်လှန်ရေးထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရှမ်း၊ ကရင်နီနယ်စပ်မှာ တခြားသော မိတ်ဖက်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်နေတာပါ။

ဒါပေမဲ့လည်း NCA လမ်းကို ဆက်လက်စွဲကိုင်ပြီး စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံလေ့ရှိတဲ့  PNLO ခေါင်းဆောင်တချို့လည်းရှိခဲ့ပြီး အဲဒီထဲမှာ နာယက ဗိုလ်မှူကြီးခွန်ဥက္ကာလည်း  ပါဝင်ပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ နုတ်ထွက်ကြောင်းထုတ်ပြန်တဲ့စာမှာဆိုရင် PNLO ဟာ NCAစာချုပ်ကို ချိုးဖောက်ပြီး ပစ်ခိုက်တိုက်ခိုက်မှုတွေ၊ စစ်ရေးဖော်ဆောင်မှုတွေ လုပ်လာသလို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO အပေါ်ကို ရန်သူလို ဆက်ဆံလာတာကြောင့်လိုဆိုထားပါတယ်။

PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ဟာ စုပေါင်းဦးဆောင်မှုအရ မဟုတ်ဘဲ တယောက်တည်း သဘောထားဆန္ဒနဲ့ အဖွဲ့ရဲ့ မူဝါဒကို အလွဲသုံးစားလုပ်နေတယ်လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

ဒါကြောင့် NCAကိုယုံကြည်တဲ့သူတွေနဲ့အတူ နိုင်ငံရေးခရီးလှမ်းကို ဆက်လှမ်းမှာဖြစ်ပြီး ဘယ်လိုပုံစံအစုအဖွဲ့ဖြစ်လာမလဲဆိုတာကိုတော့ အခုချိန်မှာ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက  DVB ကို ပြောပါတယ်။

အလားတူ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNOနဲ့လည်း စစ်ရေးနိုင်ငံရေးမဟုတ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက  ပြောပါတယ်။

PNLO ဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်းအစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာတော့ NCA လမ်းကြောင်းကိုစွန့်လွှတ်ပြီး တော်လှန်ရေးထဲ ပါဝင်လာတာဖြစ်ပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013