DVB Logo
Home
Lead Story
CDM နေ့ရက်များ
DVB
·
September 22, 2024
CDM နေ့ရက်များ
Donate to DVB

စစ်အာဏာရှင်၊ အုပ်စိုးစဉ်မူ

တို့လျှင်ဖီဆန်၊ CDM တွေ

မပြေသည့်လမ်း၊ ဘယ်သို့ကြမ်းလည်း

လျှောက်လှမ်းဆဲနေ့ရက်များ။   ။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာကို မတရားသိမ်းလိုက်ပြီးတဲ့နောက်မှာပေါ့။ CIVIL DISOBEDIENCE MOVEMENT လို့ ခေါ်ဆိုကြပါတဲ့ လုပ်ငန်းခွင် မဝင်ကြတော့ဘဲ ပြည်သူ့ဆန္ဒပြခြင်း လှုပ်ရှားမှုကို ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ အားလုံးနီးပါး တက်တက်ကြွကြွနဲ့ စွန့်စွန့်စားစား ပါဝင်လာခဲ့ကြပါတယ်။

အိမ်စောင့်အဆင့်လို့ ပြောရမည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မတရား ဥပဒေမဲ့ အကြမ်းဖက် အာဏာသိမ်းတာကို လက်မခံနိုင်ကြတဲ့အတွက် သူ့အမိန့်ကို မနာခံတာဟာလည်း ကျမတို့ရဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ တရားတဲ့ လုပ်ရပ်ပဲပေါ့။ ဘယ်သူကမှ ကိုယ်မြတ်နိုးတဲ့အလုပ်၊ ကိုယ့်ပညာနဲ့ ထိုက်တန်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ယာယီရပ်နားဖို့ဆိုတာ တော်ရုံတန်ရုံ ခံယူချက်နဲ့ ဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူးရှင်။ အာဏာကို အာသာငမ်းငမ်း မက်မောပြီး မတရား လက်နက်နဲ့ အကြမ်းဖက် လုယူနေတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို အဆုံးရှုံးခံထားတာလည်း ဖြစ်ပါတယ်။

CDM စဝင်ပြီလို့ ဆိုလိုက်ကတည်းက ကိုယ့်ဘဝကို ကိုယ်တိုင်ပုံဖော်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ် ဆိုတာကို CDM တိုင်းလိုလိုက သိရှိနားလည် ခံစားမိကြမယ်လို့ ထင်ပါတယ်ရှင်။ ဆန်ကကုန်တော့မယ်။ ဝယ်ဖို့ဆိုတာက ပိုက်ဆံလည်းမရှိဘူး။ ချေးဖို့ ငှားဖို့ ခနဆွဲဖို့ ဆိုတာကလည်း လမ်းမမြင်ဘူး။ အကူအညီ တောင်းဖို့ကလည်း ဝေးမှဝေး၊ ဒီလိုခက်ခဲတဲ့ နေ့ရက်တွေနဲ့ သက်ဆိုင်သူတွေဟာ ကျမတို့ CDM တွေပါပဲရှင်။ ကောင်းမွန်လှတဲ့ ဈေးကြီးပါတဲ့ အစားအစာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဆိုတာဟာ ကျမတို့ CDM တွေနဲ့ ဆိုရင်တော့ ရန်ဖြစ်ထားကြသလိုပါပဲရှင်။

“ဓမ္မာ သောက

အင်းဝ ရာဇာ”

အိမ်ထောင်ဖက်

အသက်မရှည်ရာ ဆိုသလိုပါပဲပေါ့။

ထမင်းကိုတောင် တခါတလေ နပ်ကျော်သွားကြရတဲ့ နေ့ရက်တွေများစွာကို အသားကျကျနဲ့ ဖြတ်သန်းနေကြရရှာတဲ့ ကာလ သမယတွေကို ပိုင်ဆိုင်ထားကြသူတွေဟာ ကျမတို့ CDM တွေရယ်ပါ။ နေလို့မကောင်း၊ ထမင်းကလည်း စားလို့မကောင်း၊ ဟင်းကလည်း မကောင်း၊ စိတ်ကလည်း မကောင်းနဲ့ ဆေးခန်းပြဖို့တောင် ပိုက်ဆံမရှိရှာတဲ့ နေ့ရက်အချို့နဲ့ သက်ဆိုင်သူတွေဟာ CDM ဝန်ထမ်းတွေပါလားလို့တောင် တွေးနေမိပါတယ်နော်။ ဒါကြောင့်မို့လို့ CDM တွေဆိုတာ ကျမရဲ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရမယ် ဆိုရင်တော့ “အာဇာနည်” တွေပါပဲ။ ဘာလို့‌ ဒီလိုပြောရသလဲ‌ဆိုတော့ ကိုယ့်အကျိုးကိုမကြည့်ဘဲ အများအကျိုးအတွက် သက်သက်ကြီး စွန့်လွှတ် အနစ်နာခံတဲ့သူကို အာဇာနည်စိတ်ဓာတ် အပြည့်ရှိသူလို့ မှတ်ချက်ချကြတဲ့အတွက်ပါ။

ဤနှစ်များ

ပျားတို့သည်မချို

မှိုတို့သည် မပေါက်

ယာတို့သည် ခြောက်ကုန်၏။

(တင်မိုး) ကန္တာရနှစ်များကဗျာမှ

ကျမတို့ CDM တွေဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ၊ အိပ်မက်တွေကို အဆုံးရှုံးခံပြီး မြန်မာ့သမိုင်းဝင် နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်နေသူတွေပါ။ ကုန်ကုန်ပြောရရင် အရာအားလုံး ဆုံးရှုံးသွားတဲ့ CDM တွေလည်း ရှိပါတယ်။ အိမ်သိမ်းခံရတယ်။ မိသားစုကို ဆုံးရှုံးတယ်။ စီးပွားရေး အဖျက်ခံရတယ် ဆိုတာတွေပေါ့။ တချို့ဆို အသက်တောင် ပေးခဲ့ကြရပါတယ်။ ဒါပေမဲ့ “ငါတော့ သူ့လို အဆုံးရှုံးမခံနိုင်ပါဘူး” ဆိုပြီး Non CDM ပြန်လုပ်ကြတဲ့သူတွေက အင်မတန်မှ နည်းပါးပါတယ်။ CDM တွေ အားလုံးဟာ ၃ နှစ်ကျော်လာတဲ့ ကာလအထိတိုင်အောင် အခက်အခဲပေါင်း မျိုးပေါင်းစုံလင်စွာနဲ့ ရင်ဆိုင်ခဲ့ကြရပေမဲ့ စစ်အာဏာရှင်ဆိုးတွေကိုတော့ ဆက်လက်တွန်းလှန်နေဆဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ CDM ဆိုတဲ့ တော်လှန်ရေးတပ်ဦးသာ မရှိခဲ့ရင် တော်လှန်ရေးကြီးကလည်း အခုလို အောင်ပွဲ ရောင်နီတွေ မြင်လာနေရလောက်တဲ့အထိ အထမြောက်ပြီး အောင်မြင်လာမှာ မဟုတ်ဘူးလို့ မြင်မိပါတယ်ရှင်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ရှင် တော်လှန်ရေးကြီး အောင်မြင်ပြီးတဲ့နောက် နေ့ရက်များတို့ဟာ CDM တွေရဲ့ ဘဝတွေကို ကြောက်စိတ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် နေ့ရက်များပါပဲ။ ဒါကြောင့်မို့လို့ CDM တွေအားလုံး စိတ်ဓာတ်မကျဘဲ “အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်” ဆိုသလို အသက်ကို ဉာဏ်နဲ့ယှဉ်ကာ နေထိုင်ပြီး အတတ်နိုင်ဆုံး အားတင်း နေထိုင်ကြပါလို့ ပြောပါရစေရှင်။ ကျမတို့ရဲ့ ဘဝတူ သူရဲကောင်း CDM တွေ အားလုံးအတွက် စာရေးဆရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးကို သဘောကျလို့ မျှဝေပေးချင်ပါတယ်။

“အသက်ရှင်ပါ”

မနက် မင်္ဂလာလို့ နှုတ်ဆက်ဖို့...

အမှောင်ကျလည်း

ဦးနှောက်ထဲမှာ လင်းနေပါစေ...

အဆက်သွယ်မရလည်း

နှလုံးသားထဲမှာ နွေးနေပါစေ...

ပြန်ဆုံမည့်ရက် အရုဏ်တက်ကို

အသက် ဆွဲဆန့် ကြိုနိုင်ကြပါစေ...

စာရေးဆရာကြီး ဗန်းမော်တင်အောင်ကလည်း ကျမတို့အတွက် ခွန်အားရစေမယ့် စကားကို ပြောခဲ့သားပဲ။

ဗန်းမော်တင်အောင်က ဒဂုန်တာရာကို ပြောခဲ့စကားလေးပါ။ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ နာမည်အရင်က ကိုဌေးမြိုင် ဖြစ်ပါတယ်။

“ကိုဌေးမြိုင်ရေ…. တဲ့ ရန်သူက သေစေချင်တဲ့အခါ

မသေအောင် ကြိုးစားနေရတာလည်း

တိုက်ပွဲတစ်ခုပဲပေါ့” တဲ့။

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာထဲကလိုပဲ ကျမတို့ CDM တွေ အသက်ရှင်ပေးကြပါနော်။ စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့ဖူးသလိုပဲ အခု နွေဦးတော်လှန်ရေး တိုက်ပွဲတွေအကြားမှာ ကျမတို့ ဘဝတူ CDM တွေ မသေအောင် ကြိုးစားနေထိုင်ကြပါစို့လားရှင်။      ။

ဖီးနစ်မေ (စီဒီအမ် ကျောင်းဆရာမ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013