DVB Logo
Home
မြန်မာသတင်း
ချောင်းဦးနှင့် မြိုင်တွင် ပျူစခန်းနှင့် စစ်သားများတိုက်ခိုက်ခံရပြီး အများအပြားသေ၊ ၈ ဦးဖမ်းမိ
DVB
·
September 22, 2024
ချောင်းဦးနှင့် မြိုင်တွင် ပျူစခန်းနှင့် စစ်သားများတိုက်ခိုက်ခံရပြီး အများအပြားသေ၊ ၈ ဦးဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်သား အများအပြားသေဆုံး၊ ရဲနဲ့ ပျူစောထီး ၃ ယောက်ကို ဖမ်းမိပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၃ ယောက်သေဆုံး၊ ၄ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ကံဇီးပျူစောထီးစခန်းကို စက်တင်ဘာ ၁၉ ရက်နေ့မနက် ၆ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြားသေဆုံး၊ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးပကဖရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ကောင်စီတပ် အထိုင်ချထားပြီး သူတို့ အင်အားကောင်းတဲ့ ကင်မွန်းတော်ရွာနဲ့ တမိုင်လောက်ပဲကွာတဲ့ ကံဇီးပျူရွာ ကာကင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်ဗျ။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေဆဲမို့ စာရင်းကိုတော့ အတိအကျမသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ ရဲတပ်ဖွဲ့ဝင်  ၁ ယောက် အပါအဝင် ပျူစောထီး ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကံဇီးကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ကစလို့ ရွာကိုဝင်ထွက်ခွင့်ကန့်သတ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ သီးသန့်တပ်စွဲထားတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ချောင်းဦး ပကဖရဲ့ တာဝန်ခံတယောက်က “အဲဒီရွာမှာ ရှိနေတဲ့ ပျူတွေကို ရွာထဲကနေ ရွှေ့ပြောင်းကြဖို့ အရင်လတွေကတည်းက သတိပေးထားပြီး ဖြတ် ၄ ဖြတ်နဲ့ ပိတ်ဆို့ထားခဲ့တာ။ သူတို့တွေ အခုထိ နေနေကြလို့ တိုက်ပွဲအတွင်းကနေ လက်နက်မကိုင်တဲ့ အဲဒီ ပျူရွာသား ၃၀ လောက်ကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေဆောင်ရွက်ရဦးမှာပါ” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်က အခု သိမ်းပိုက်လိုက်တဲ့ ကံဇီးကျေးရွာ အပြင် ကင်မွန်းတော်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာတို့ဟာ ပျူစောထီးကျေးရွာတွေ ဖြစ်ကြပြီး ကင်မွန်းတော်ကျေးရွာဟာ ပျူစောထီးအင်အား အများဆုံးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တပ်ရင်း ၅၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇ တို့အပြင် မုံရွာခရိုင် ပကဖ၊ တပ်ရင်း ၂၄ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကံဇီးပျူစောထီးကျေးရွာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပေမယ့် စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပျူစောထီးစခန်း သိမ်းပိုက်ခံရတဲ့ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၁ ယောက်၊ ပျူစောထီး ၂ ယောက်နဲ့ ရွာသား ၃၀ ကျော် ဖမ်းဆီးခံရသလို ကာဘိုင်သေနတ် ၈ လက်၊ G 3 သေနတ် ၁ လက်နဲ့ ကျည် ၅,၀၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံး၊ ၄ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၁ (မြိုင်-ဝံပုလွေပြောက်ကျားတပ်ဖွဲ့) ဆီကနေ သိရပါတယ်။

တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ကြိုသတင်းရတာလို့ ကျနော်တို့ သွားစောင့်နေကြတာလို့ ပြောရမှာပေါ့။ စက်မှု ၂ ဝင်းထဲမှာ တပ်စွဲနေတဲ့ကောင်တွေထဲက ၇ ကောင် အပြင်ထွက်လာကြတာကို ခြုံခိုတိုက်တာ ၃ ကောင်ကတော့ နေရာမှာတင် တန်းသေတယ်။ အရှင် ၄ ကောင်ဖမ်းမိတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၄ ခု တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ခိုက်ချိန်ရော၊ သေတဲ့ကောင်တွေဆီက လက်နက်တွေကောက်တာရောဆို ပွဲက မိနစ်ပိုင်းလေးပဲ ကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲနဲ့ တိုက်ပွဲအစအဆုံးကို အမြန်ဆန်ဆုံး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းဥပဒေနဲ့အညီ ထားရှိပြီး စစ်ဆေးတာတွေ လုပ်ပြီးရင် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက် ထားတာဖြစ်ပြီး မြိုင်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013