DVB Logo
Home
မြန်မာသတင်း
မူဝါဒခိုင်မာပြီး အချင်းချင်းရိုးသားမှ မွန်ပြည်အစိုးရတရပ် အမြန်ပေါ်ပေါက်မည်ဟု NRFF ပြော
DVB
·
September 21, 2024
မူဝါဒခိုင်မာပြီး အချင်းချင်းရိုးသားမှ မွန်ပြည်အစိုးရတရပ် အမြန်ပေါ်ပေါက်မည်ဟု NRFF ပြော
Donate to DVB

မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းပေါ်ပေါက်လာဖို့အတွက် မွန်ပြည်သူတွေကို မျက်နှာမူတဲ့ ခိုင်မာတဲ့ မူဝါဒတွေနဲ့ အချင်းချင်း ရိုးသားကြဖို့ လိုအပ်ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ပြောပါတယ်။

အဓိကအားဖြင့် နိုင်ငံရေး၊ စစ်ရေးမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ လိုအပ်သလို လက်ရှိမှာ မွန်တော်လှန်ရေးတပ်တွေအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းပြောဆိုနေတာတွေကို မြင်တွေ့နေရပြီလို့ ရာမည ဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မိရွှန်းက DVB ကို ပြောပါတယ်။

“အစိုးရတရပ် ပေါ်ပေါက်ဖို့ဆိုတာက အစုအဖွဲ့တွေကြားထဲမှာ ယုံကြည်မှုတည်ဆောက်နိုင်ရေးက အဓိကစိန်ခေါ်မှုလို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဘုံရန်သူတူတဲ့ အစုအဖွဲ့တွေ ဘာကြောင့် လျင်လျင်မြန်မြန် မပူးပေါင်းနိုင်သေးတာလဲ။ ဒါက အချင်းချင်းကြားထဲမှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ခက်ခဲနေသေးတာလို့ မြင်မိပါတယ်။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေက အရေးကြီးပါတယ်။ ဆွေးနွေးတဲ့အခါမှာ ပြည်သူကိုမျက်နှာမူဖို့ အဓိကအရေးကြီးပါတယ်။ နောက်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ဖျက်မယ့် မူဝါဒတွေ ရှိနေဖို့ လိုအပ်ပြီးတော့ အစုအဖွဲ့ကြား အချင်းချင်း ရိုးသားမှုရှိတယ်ဆိုရင်တော့ ယုံကြည်မှု လျင်လျင်မြန်မြန် တည်ဆောက်နိုင်ပြီး မွန်ပြည်သူတွေ တောင့်တနေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ မွန်ပြည်ကို ရရှိလာမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုစက်တင်ဘာလအတွင်း လွတ်မြောက်နယ်မြေမှာ ကျင်းပခဲ့ကြကာ နိုင်ငံရေးအစုအဖွဲ့တွေ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ စတဲ့ အစုအဖွဲ့ ၁၁ ခုက လူကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်အရ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်ပြီး မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်တဲ့ မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့၊ မွန်ပြည်တွင်းက လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြဖို့ကို ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါ့အပြင် စစ်အာဏာရှင်အသက်ဆက်နိုင်ရေး ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုအပါအဝင် အစုအဖွဲ့တွေအားလုံးက ဆန့်ကျင်တော်လှန်တိုက်ဖျက်သွားကြဖို့နဲ့ မွန်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုအခြေအနေတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ တော်လှန်သောအစုအဖွဲ့တွေက စနစ်တကျ ချိတ်ဆက်ပြီး ပူးပေါင်းသွားကြဖို့လည်း ပါဝင်ပါတယ်။

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဘုံသဘောတူညီချက်ကိုတော့ မွန်ဖက်ဒရယ်ကောင်စီ- လူငယ်ကိုယ်စားလှယ် (MSFC)၊ ရာမညဖက်ရယ်အင်အားစုသစ် (NRFF)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ရေးပြောက်ကျားတပ်(YGF)၊ ရာမည လူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ တခြားအဖွဲ့ ၄ ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013