DVB Logo
Home
Lead Story
အမေရိကန်အစိုးရ မြန်မာ့အရေး မူဝါဒပြောင်းပြီလား
သုတချမ်းသာ
·
July 3, 2026
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဒီဆွမ်ဘရေး။ (Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဒီဆွမ်ဘရေး။ (Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)
Donate to DVB

မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီဆွမ်ဘရေးရဲ့ သတင်းစကားနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်တွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ဒေသစံတော်ချိန် ဇွန် ၂၅ ရက်က “အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ အမေရိကန်ပထမ မူဝါဒကို အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အမေရိကန်အောက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ကြားနာပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

အဲဒီနောက်မှာ အမေရိကန်အစိုးရက စစ်အာဏာရှင်ကို ထောက်ခံဖို့ မူဝါဒရေးရာ ပြောင်းလဲနေပြီ ဆိုတဲ့ သတင်းစကားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ဒီသတင်းစကားတွေဟာ ကြားနာပွဲတခုလုံးမှာ လက်ထောက်ဝန်ကြီး ပြောခဲ့တာတွေထဲက လိုချင်တဲ့အချက်ကို ဆွဲထုတ်ပြီး စစ်အာဏာရှင်က ဝါဒဖြန့်ဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဘာမှမဖြစ်ဘူး ပြဿနာမရှိဘူး လို့တော့ မဟုတ်ဘူး၊ အဲဒီသတင်းစကား ပေးချင်တာမဟုတ်ဘူး။ အမေရိကန် ပထမမူဝါဒကြောင့်မို့လို့ တချို့နေရာတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိတယ် ဆိုတာက ကိုယ့်ဘက်ကနေ ရှုံးနိမ့်သွားတာ မဟုတ်ဘူး။ သူတို့က ၁၀၀ ရာခိုင်နှုန်း ရသွားပြီးတော့ ကိုယ်က ဇီးရိုးဖြစ်သွားတာ မဟုတ်ဘူးဆိုတဲ့ အနေအထားအမှန်ကို သိစေချင်တာ။ အခုဟာက ရှင်းရှင်းပြောရရင် မင်းတို့ပြိုင်ကြလို့ သူကပြောလိုက်တဲ့ သဘောမျိုး၊ ဖွင့်ကစားတာပေါ့၊ စကစဘက်ကို ငါရပ်တည်လိုက်မယ်လို့ ပြောတာမျိုး မဟုတ်ဘူး။ ကိုယ်က အမေရိကန်နဲ့ ပတ်သက်တဲ့ သံတမန်ရေးကို အရှိန်အဟုန်မြှင့်ပြီးတော့မှ လုပ်ဖို့အတွက် လိုအပ်တဲ့အချိန်၊ ဒီလိုလုပ်ဖို့အတွက်လည်း သူတို့က အောက်လွှတ်တော် ကြားနာတဲ့အခါမှာ တရားဝင်ဖွင့်ချပြီးတော့ ပြောလိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်ဘက်က ဝါရှင်တန်က လော်ဘီကုမ္ပဏီတွေကို ဒေါ်လာသန်းချီပေး ငှားရမ်းပြီး အမေရိကန်အစိုးရကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတာလည်း ရှိပါတယ်။

လော်ဘီကုမ္ပဏီတွေဟာ ထရမ့်ပ်အစိုးရရဲ့ နောက်ခံ ရီပတ်ဘလစ်ကန်ပါတီနဲ့ ရင်းနှီးသူတွေဖြစ်လို့ အစိုးရအဖွဲ့ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အနေအထား ရှိပေမဲ့ အစိုးရမူဝါဒတခုလုံး အပြောင်းအလဲ ဖြစ်တဲ့အထိတော့ မစွမ်းသာဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့အရေးမှာ နိုင်ငံရေးဂုဏ်သိက္ခာအတွက် တော်လှန်ရေးအင်အားစုတွေဘက်ကို ထောက်ခံတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ ပါဝင်သလို သမ္မတထရမ့်ပ် အလိုကျ အကျိုးစီးပွား ဦးစားပေးတဲ့ အမတ်တွေလည်း ရှိနေတဲ့အတွက် ပါတီတွင်းမှာကို သဘောထားမတူတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဝါဒဖြန့်သတင်းတွေမှာတော့ အမေရိကန်အစိုးရရဲ့ အထောက်အပံ့တွေ တော်လှန်ရေး အင်အားစုတွေဘက်က မရတာ၊ တရုတ်အစိုးရနဲ့ စစ်အာဏာရှင်ရဲ့ နီးကပ်မှုကို လျှော့ချဖို့ မဖြစ်မနေ ထိတွေ့ဆက်ဆံရတော့မဲ့ အခြေအနေ ဖြစ်လာတာ စသဖြင့် ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

တကယ့်အခြေအနေမှာတော့ ထရမ့်ပ်အစိုးရက မြန်မာနိုင်ငံကိုပေးမဲ့ ရန်ပုံငွေတခုတည်းကို ဆိုင်းငံ့တာ မဟုတ်ဘဲ နိုင်ငံတကာကိုပေးမဲ့ အကူအညီ ရန်ပုံငွေ ဒေါ်လာ ၁၉ ဘီလီယံစလုံးကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ဦးစားပေးတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ အလားအလာတွေမှာလည်း စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံဖို့ အခြေအနေ မတွေ့ရဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

ဇွန် ၂၅ ရက် ကြားနာပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီဆွမ်ဘရေး ပြောဆိုခဲ့တဲ့ မြန်မာပြည်နယ်စပ် အွန်လိုင်းငွေလိမ်ကွန်ရက်တွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ ဆုံးရှုံးခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းအထိ အလိမ်ခံရတဲ့ ငွေကြေးပမာဏ ပိုများလာတယ်ဆိုတဲ့ အချက်ကိုတော့ စစ်အာဏာရှင် ဝါဒဖြန့် သတင်းတွေက ရှင်းရှင်းလင်းလင်း ရေးသားတာ မတွေ့ရပါဘူး။

အဲဒါအပြင် လွှတ်တော်က စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ပြဋ္ဌာန်းခဲ့တဲ့ Burma Act အပါအဝင် ဥပဒေရေးရာ ပြင်ဆင်ချက်တွေ အကြောင်းကိုလည်း ချန်လှပ်ထားတာ တွေ့ရပါတယ်။

လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့ဝင် ဂျိမ်းစ်ရွှေက “သူတို့ကို ပေါ်ပေါ်ထင်ထင် ထောက်ခံဖို့ဆိုတာ တော်တော်ခက်တဲ့ကိစ္စဗျ၊ ဂုဏ်သိက္ခာအရေးကလည်း တော်တော်ထိခိုက်မဲ့ အလားအလာရှိတယ်။ အဲဒီတော့ ပေါ်ပေါ်ထင်ထင် ထောက်ခံဖို့ကတော့ မလွယ်ဘူး။ သူတို့ အရင်ဆုံး အာဆီယံနဲ့ ဘုံသဘောတူညီချက် ၅ ရပ် အဲဒီလောက် အနည်းဆုံးလုပ်ရမှာ။ အပစ်အခတ်ရပ်စဲဖို့ အရင်လုပ်မှာပေါ့နော်။ အဲဒါဆိုလို့ရှိရင် တော်လှန်ရေးဘက်က အောင်မြင်မှုလို့ ယူဆရမှာပေါ့နော်။ သူတို့ အုပ်ချုပ်မှုကို နိုင်နိုင်နင်းနင်း မပြနိုင်လို့ရှိရင် သူတို့ရှုံးပြီဗျ။ တော်လှန်ရေးဘက်ကကျတော့ လုံးဝ မပျောက်ကွယ်သွားဖို့ဘဲ အရေးကြီးတယ်။ သူတို့တော်လှန်ရေးက ရှင်သန်တယ်ဆိုလို့ရှိရင် သူတို့နိုင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုရင် အခု စစ်တပ်က စီးပွားရေးဘက်ကလည်း ကျရှုံးတယ်၊ လူတွေရဲ့ မေတ္တာကတော့ ပြောစရာမလိုဘူး၊ လေးစားမှုမရှိဘူး၊ လူထုလိုအပ်တဲ့ အုပ်ချုပ်ရေးကိစ္စတွေကို သူတို့လုပ်မပေးနိုင်တော့ အဲဒါတွေကို လုပ်နိုင်တယ်ဆိုတာ ပြမှ နိုင်ငံတကာက သူတို့ကို အသိအမှတ်ပြုပြီးတော့ လေးလေးစားစား ဆက်ဆံမှာကိုး” လို့ ပြောပါတယ်။

တော်လှန်ရေးဦးဆောင်အဖွဲ့တွေက အမေရိကန်အစိုးရနဲ့ ထိတွေ့ရာမှာ စစ်အာဏာရှင်ထက် သံတမန်ရေး လက်ဦးမှု ယူနိုင်ဖို့၊ မြေပြင်မှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အသာစီးယူဖို့၊ သယံဇာတရေးရာ နယ်မြေထိန်းချုပ်မှုနဲ့ မက်လုံးပေးစည်းရုံးရာမှာ ခိုင်လုံတဲ့ ကတိကဝတ် ပေးနိုင်စွမ်းရှိဖို့ စတဲ့အချက်တွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေတာပါ။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ Quad မဟာမိတ် ၄ နိုင်ငံ စုစည်းတဲ့ နည်းလမ်းနဲ့ အရှေ့အာရှဒေသတွင်းမှာ တရုတ်အစိုးရရဲ့ ဩဇာကြီးထွားလာတာကို ထိန်းညှိဖို့ အမေရိကန်အစိုးရက ပြင်ဆင်ခဲ့တာပါ။

အဲဒါအပြင် အာရှ-ပစိဖိတ်ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့နဲ့ လုံခြုံရေးအကာအကွယ် ကွင်းဆက်တည်ဆောက်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ ၃ နိုင်ငံ ဖွဲ့စည်းထားတဲ့ AUKUS လုံခြုံရေးမဟာမိတ်အဖွဲ့မှာ ၂၀၂၅ နိုဝင်ဘာလစပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ အဆင့်လိုက် ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိခဲ့ပါတယ်။

ဒီစုဖွဲ့မှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းကြောင်း အတည်ပြုထားပြီး လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဇွန် ၂၅ ရက် အမေရိကန် အောက်လွှတ်တော်ကြားနာပွဲမှာ ဒီစုဖွဲ့မှုတွေကနေတဆင့် တရုတ်ရဲ့ အာရှပစိဖိတ် ဒေသတွင်း အင်အားချဲ့ထွင်လာတာကို ထိန်းညှိဖို့နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေ ဆွေးနွေးကြားနာခဲ့ကြသလို တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်၊ တိဘက်၊ ဝီဂါမူဆလင် အရေးတွေနဲ့အတူ မြန်မာပြည်နယ်စပ် ကျားဖြန့်အရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013