DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကို စစ်ကောင်စီက သူ့အကျိုးအတွက် အသုံးချလိမ့်မည်ဟု  NUG ဝန်ကြီးချုပ်ပြော
DVB
·
September 21, 2024
သဘာဝဘေးကို စစ်ကောင်စီက သူ့အကျိုးအတွက် အသုံးချလိမ့်မည်ဟု  NUG ဝန်ကြီးချုပ်ပြော
Donate to DVB

နာဂစ်မုန်တိုင်းကြောင့် မြန်မာတနိုင်ငံလုံး ထိခိုက်ဝမ်းနည်းနေချိန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မရမက အတည်ပြုခဲ့ဖူးတဲ့   စစ်အုပ်စုဟာ လက်ရှိမှာဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကို သူတို့ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၀ ရက်က ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုထံသို့ ပန်ကြားချက်မှာ အခုလို ပြောသွားခဲ့တာပါ။

ရေဘေးကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရချိန် စစ်အုပ်စုဟာ ပြည်သူတွေနဲ့ တော်လှန်ရေး ဘက်တော်သားတွေကြား သွေးခွဲသပ်လျှိုတာ၊ ပုံဖျက်တိုက်ခိုက်တာနဲ့ နိုင်ငံတကာက အကူအညီတွေကို အသုံးချပြီး သူတို့ ကူညီကယ်ဆယ်နေသယောင် ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင် ကြိုးစားလာမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီလို လုပ်ဆောင်လာနိုင်တာတွေကြောင့် နိုင်ငံတကာအနေနဲ့ လူထုဆီ အကူအညီတွေ ထိရောက်စွာ ရောက်ရှိနိုင်ဖို့ မြေပြင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့သလို ပြည်သူတွေကိုလည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို တတ်နိုင်သလောက် ညီညီညွတ်ညွတ်ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

NUG အနေနဲ့လည်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး သဘာဝဘေးဆိုင်ရာ ကိစ္စတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေသလို နိုင်ငံတကာနဲ့ ချိတ်ဆက် ဆက်သွယ်ရမယ့် ဝန်ကြီးဌာနတွေကလည်း လုပ်ဆောင်သင့်တဲ့အရာတွေကို ဆောင်ရွက်နေကြောင်းလည်း အသိပေးပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်တိုင်းယာဂီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့ မိုးသည်းထန်၊ ရေကြီးရေလျှံ မြေပြိုမှုတွေဖြစ်ပြီး လူ ၃၀၀ ကျော်သေဆုံးခဲ့ကာ လူဦးရေ ၆ သိန်းလောက် ရေဘေးဒုက္ခခံစားခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013