DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်း ဆက်လက်ပိတ်ဆို့တိုက်ခိုက်
DVB
·
September 19, 2024
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်း ဆက်လက်ပိတ်ဆို့တိုက်ခိုက်
Donate to DVB

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်သလို စစ်တပ်က ဝေဟင်နဲ့ မြေပြင်ကနေ အနီးအနား ကျေးရွာတွေကို နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေက ကြားအင်ဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ဝဲကလီ အမြောက်တပ်ကနေ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က အနန်းကွင်းစစ်ဗျူဟာမကျရေး လေကြောင်းအပြင် မြေပြင်ကနေ နေ့တိုင်း လိုလို တိုက်ခိုက်နေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“အနန်းကွင်းအခြေအနေက ဒီအတိုင်းပဲ ဆက်ထိန်းထားရုံပဲ ရှိသေးတယ်။ လက်နက်ကြီး လေကြောင်းပစ်ခတ်မှုကတော့ ပုံမှန်အတိုင်း ပစ်ခတ်မှုကတော့ ရှိတယ်။ လေကြောင်းက ကြဲတာရှိတယ်။ အခုဆိုရင် အဲဒီအနီးအနားတဝိုက်တောင် မဟုတ်ဘူး။ တံခွန်တိုင်၊ ကျွန်းခွံ၊ တောင်ဖီး အဲဒီ အနီးအနား ရွာတွေကိုပါ ဗုံးတွေလိုက်ကြဲတာတွေရှိတယ်။”

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊  လွှတ်ရှမ်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို  လေကြောင်းပစ်ကူပေးနေတဲ့ကြားက KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါတယ်။ 

စက်တင်ဘာ ၁၃ ရက်ကလည်း တံခွန်တိုင်တပ်စခန်းက ဗိုလ်ကြီးတယောက်နဲ့ တပ်သား တယောက်ဟာ လစာသွားထုတ်တဲ့ လမ်းကြောင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့  ဖမ်းဆီးခံခဲ့ ရတယ်လို့ ရှေ့တန်းတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အရပ်သားပြည်သူတွေရှိတဲ့ ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်နေတာတွေက သူတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ်ကို ဖောက်ဖျက်တာလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အရပ်သားပြည်သူတွေအပေါ်မှာ လိုက်နာစောင့်ထိန်းရမယ့် စစ်ကျင့်ဝတ်၊ စစ်စည်းကမ်းတွေကို မလိုက်နာဘူးဆိုတာ တွေ့ရတယ်။ အခုလက်ရှိ စစ်တပ်က လုပ်နေတဲ့ အရပ်သားပြည်သူတွေရှိတဲ့ ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ် ဆိုတာတွေက သူတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ်ကို ဖောက်ဖျက်ရာရောက်တယ်။”

စက်တင်ဘာ ၉ ရက် မနက် ၂ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၅ လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် အသက်  ၃ နှစ်အရွယ် ကလေးငယ် တယောက် အပါအဝင် အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ  စတဲ့ အနီးအနား ကျေးရွာက ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013