DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကိုဝင်ရောက်မည့် လေပွေလှိုင်းကြောင့် မိုးများပြီး မြစ်ရေထပ်ကြီးနိုင်ဟု သတိပေး
DVB
·
September 19, 2024
မြန်မာနိုင်ငံကိုဝင်ရောက်မည့် လေပွေလှိုင်းကြောင့် မိုးများပြီး မြစ်ရေထပ်ကြီးနိုင်ဟု သတိပေး
Donate to DVB

လေဖိအားနည်းရပ်ဝန်းရဲ့ အကြွင်းအကျန်လေပွေလှိုင်းတွေက မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး နေရာအနှံ့ မိုးကြီးတာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်နိုင်ပြီး မြစ်ရေကြီးတာတွေလည်း သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းသတိပေးထားပါတယ်။

Tropical Depression- SIXTEEN အမည်ရှိတဲ့ လေဖိအားနည်းရပ်ဝန်းက စက်တင်ဘာ ၁၉ ရက် ဒီညနေမှာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကို ဝင်ရောက်မှာဖြစ်ပြီး အကြွင်းအကျန် လေပွေလှိုင်း တွေက ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီးကနေ ဖြတ်သန်းဝင်ရောက် လာနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထား ပါတယ်။

လေပွေလှိုင်းအဖြစ်နဲ့သာ ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေကနေ ကုန်းတွင်းပိုင်းထိကို ဝင်ရောက်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကို  မုန်တိုင်းအဆင့်နဲ့ ဝင်ရောက်နိုင်တာမရှိကြောင်း ဦးဝင်းနိုင်က ရှင်းပြပါတယ်။

“လေဖိအားနည်း SIXTEEN က‌တော့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းဖြစ်တယ်ဆိုတဲ့အဆင့်ရဲ့  ကြားလေးထဲမှာရှိတယ်။ ယာဂိတုန်းက ၁၁၅-၁၂၀ နဲ့ 100 and 15, 100 and 20 knot လောက်ရှိတယ်၊ အခုဟာက 34 knot တောင်မရှိဘူး၊ Nautical mile (ရေမိုင်) သုံးဆယ်ကျော်ကျော်လောက်နဲ့ ဝင်လာတဲ့အနေအထားက လေမိုင်နဲ့တွက်မယ်ဆိုရင် ၃၈ မိုင် ၃၉ မိုင်လောက်ပဲ ပြင်းအားလျော့မယ်။ လျော့ပြီးရင်း လာအိုနိုင်ငံ တောင်ပိုင်းကို တက်မယ်။ တက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကနေမှ မြန်မာဘက်ကို ခန့်မှန်းထားတဲ့လမ်းကြောင်းကနေ လေပွေလှိုင်းဆိုတဲ့အဆင့်ကို ရောက်သွားမယ်။”

အကြွင်းအကျန် လေပွေလှိုင်း ဖြတ်သန်းဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း ခန့်မှန်းမှုအရ ပဲခူးတိုင်းအရှေ့ခြမ်းကို ဖြတ်ပြီး ဒိုက်ဦးနဲ့ ဝေါကြားရောက်ရှိကာ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာတော့ ပဲခူးရိုးမအနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ပြည်ခရိုင် သဲကုန်းမြို့ပေါ်ကို ဝင်ရောက်မှာ ဖြစ်ပါတယ်၊

ဆက်လက်ပြီး မြန်အောင်နဲ့ သဲကုန်းမြို့ကြားကနေ အနောက်ဘက် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းပင်လယ်ကို ဝင်ရောက်သွားမှာလည်း ဖြစ်ပါတယ်၊ လေပွေလှိုင်း ဖြတ်သန်းသွားမယ့် လမ်းကြောင်းတလျှောက်မိုးကြီးကာ ရေကြီးရေလျှံမှုနဲ့အတူ မြစ်ရေကြီးမှု အခြေအနေကိုပါ ဦးဝင်းနိုင်က ထပ်မံ သတိပေးပါတယ်။

“သံလွင်မြစ်ရေတက်လာမယ်။ သောင်ရင်းမြစ်ရေတက်လာနိုင်မယ်။ အောက်ဘက်က ဒိုက်ဦးနဲ့ ဝေါကြားထဲကပါ ဖြတ်မှာဖြစ်တဲ့အတွက် စစ်တောင်းမြစ်ပေါ်မှာလည်း မိုးများသွားမယ်။ မိုးများမယ့်အတွက် မြစ်ရေတွေတက်လာနိုင်တဲ့အခြေအနေနဲ့ တောင်ကျရေ ရုတ်တရက်ဆင်းမယ့် အခြေအနေနဲ့ ရေကြီးရေလျှံဖြစ်မယ့်အခြေအနေကို‌တော့ သတိထားဖို့လိုပါတယ်။”

လေပွေလှိုင်းကြောင့် ထိုင်းနိုင်ငံမြောင်ပိုင်းမြို့တွေနဲ့ တာ့ခ်ခရိုင်ဒေသအပါအဝင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့၊အနောက်) ပဲခူးရိုးမနဲ့ မကွေးတိုင်း အောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများနိုင်တယ်လို့ သိရပါတယ်။

လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်နေ  ၂၅ ရက် အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက် မိုးကြီးတာနဲ့ လေပြင်း တိုက်ခတ်တာ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013