Homeမြန်မာသတင်း ရန်ကုန်မြစ်ရေ သာမန်ထက် ထူးကဲဒီရေတက်မည်ဟု ဆိပ်ကမ်းအာဏာပိုင် သတိပေး
ရန်ကုန်မြစ်ရေဟာ လာမယ့် ဇွန် ၁၆ ကနေ ၁၇ ရက်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖို့ရှိတယ်လို့ စစ်အာဏာရှင် လက်အောက်ခံ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးထားပါတယ်။
အဲဒီရက်တွေမှာ ရန်ကုန်မြစ်အတွင်းက အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ကျော် မြင့်တက်လာနိုင်ပြီး ၂၀.၀၄ ပေအထိ ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းနား နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ အခုလို သတိပေးတာလို့ ဆိုပါတယ်။
ရန်ကုန်မြို့ခံတယောက်က “အဲဒီရက်တွေက ရေထရက်လည်းဖြစ်နေ၊ မိုးတွင်းလည်းဖြစ်တော့ အပေါ်ရေ အောက်ရေနဲ့ ကမ်းနားပိုင်းတွေတော့ ရေဝင်နိုင်တာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်နိုင်ကလည်း လာမယ့်ရက်တွေအတွင်း ရန်ကုန်၊ ဧရာဝတီ နဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။
ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာပါက ရေကြီးရေလျှံမှုတွေ နှစ်စဉ်ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စမ်းချောင်း၊ အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေအပါအဝင် မြို့တွင်းက နေရာအချို့မှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။
ဆိပ်ကမ်းအာဏာပိုင်ရဲ့ သတိပေးချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရန်ကုန်မြစ်ရဲ့ အခြေခံ ရေစစ်မျဉ်းအထက် ၂၂ ပေအထိ ထူးကဲဒီရေ တက်ခဲ့ဖူးတာကြောင့် အခုထူးကဲဒီရေတက်မယ့် အခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
Photo: DVB