DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ဆေးရုံကို မြန်မာနိုင်ငံသားများ ငွေကြေးလှူဒါန်းခဲ့မှု ထိုင်းလူထုနှလုံးသားကို ဖမ်းစားနိုင်ခဲ့
DVB
·
May 27, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက အုန်းဖန်ဆေးရုံကို မြန်မာနိုင်ငံသားတွေက ငွေကြေးလှူဒါန်းခဲ့တဲ့အပေါ် အွန်လိုင်းပေါ်မှာ ထိုင်းပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့အကြောင်း Khaosod  သတင်းမှာ မေ ၂၇ ရက်က ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စုကလိကျေးရွာထဲက ရွာသားတွေက ဆေးရုံအတွက် ထိုင်းဘတ်ငွေ ၁၄,၀၀၀ လာရောက်လှူဒါန်းခဲ့ကြတာပါ။

လတ်တလောမှာတော့ ဒီလှူဒါန်းမှုအပေါ် ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ချီးကျူးစကားတွေ အလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့သလို ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ပြသလိုက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိတ်လှုပ်ရှားစရာ စံနမူနာကောင်းတခု ဖြစ်တယ်လို့လည်း အများက ပြောဆိုနေကြပါတယ်။

အုန်းဖန်ဆေးရုံကတော့ ဒီလှူဒါန်းမှုနဲ့ ပတ်သက်ပြီး မေ ၂၆ ရက်က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် အသိပေးကြေညာခဲ့တာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေတွေကိုတော့ ဆေးရုံမှာ လာရောက်ကုသမှုခံယူနေတဲ့ လူနာတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အဲဒီပို့စ်အောက်မှာတော့ ထိုင်းအွန်လိုင်းအသုံးပြုသူတွေဆီကနေ နွေးထွေးတဲ့ တုံ့ပြန်မှုတွေ ချက်ချင်းပဲ ထွက်ပေါ်လာခဲ့ပါတယ်။ 

အများစုကတော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ ကုသပေးနေတဲ့ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေအပေါ် ကျေးဇူးသိတတ်ကြတဲ့ စုကလိရွာသားတွေကို ချီးကျူးစကားဆိုခဲ့ကြတာပါ။ 

ဒါ့အပြင် တချို့ကလည်း မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ အလှူရှင်တွေ ဘေးကင်းပါစေကြောင်း ဆုတောင်းစကားတွေ အပြန်အလှန် ပေးပို့နေကြတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးသူတဦးကတော့ “ဒီကောင်းမှုကုသိုလ်တွေကြောင့် သူတို့ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ပါစေ” လို့ ရေးသားခဲ့ပါတယ်။

အုန်းဖန်ဆေးရုံကတော့ ကုသမှုခံယူဖို့ နယ်စပ်ဖြတ်ကျော်လာကြတဲ့ မြန်မာနိုင်ငံက လူနာတွေကို အခမဲ့ ကူညီစောင့်ရှောက်ကုသပေးနေတဲ့ ဆေးရုံအဖြစ် လူသိများ ထင်ရှားတဲ့ ဆေးရုံတခု ဖြစ်ပါတယ်။

အဆိုပါ ဆေးရုံမှာ နှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ပေးခဲ့တဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝိုရဝစ်ကို ပြီးခဲ့တဲ့ လတုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ရပါသေးတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံအတွင်း ၂၀၂၆ ခုနှစ်အတွက် ယူအေအီး ကျန်းမာရေးဖောင်ဒေးရှင်းဆုကို ရရှိခဲ့တာဖြစ်ပြီး အဲဒီညီလာခံဟာ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဆုချီးမြှင့်တဲ့ပွဲလည်း ဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါက်တာဝိုရဝစ်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေကြောင့် အဆိုပါဆုကို ချီးမြှင့်ဖို့ WHO အမှုဆောင်အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုအနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ရရှိခဲ့ပါတယ်။

ဒေါက်တာဝိုရဝစ်ဟာ ကျေးလက်ဒေသ၊ ထိခိုက်လွယ်တဲ့အုပ်စုတွေနဲ့ ရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ တိုးတက်ကောင်းမွန်လာအောင် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ရတာ ဖြစ်တယ်လို့ WHO က ပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း မြန်မာနယ်စပ်အနီးက အုန်းဖန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံမဲ့သူတွေ အပါအဝင် ဒုက္ခသည်တွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုရရှိအောင် သူ့ရဲ့သက်တမ်းတလျှောက်လုံး မြှုပ်နှံလုပ်ကိုင်ခဲ့တဲ့ ဆရာဝန် ဖြစ်တယ်လို့လည်း ရည်ညွှန်းထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကြေးတွေနဲ့ အထောက်အထားမဲ့ လူဦးရေတွေကို မှတ်ပုံတင်ပေးရေးဆိုင်ရာ အရေးကြီးတဲ့ အမျိုးသားအဆင့် ဆုံးဖြတ်ချက်တွေကို တွန်းအားပေးနိုင်ခဲ့တဲ့အပြင် နယ်စပ်နှစ်ဖက်စလုံးမှာ ကာကွယ်ဆေးထိုးနှံတာ၊ ငှက်ဖျား၊ တီဘီနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေအပြင် မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျောက်ကပ်ဆေးတဲ့ ကုသမှုတွေအထိ ပါဝင်တဲ့ ရွေ့လျားကျန်းမာရေး ဝန်ဆောင်မှုတွေကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

သူဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူထုကျန်းမာရေးလုပ်သားတွေနဲ့ အရန်သားဖွားဆရာမတွေကို လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အဓိကထားပြီး လေ့ကျင့်သင်တန်းပေးရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ WHO က အလေးပေး ပြောကြားထားပါတယ်။

အုန်းဖန်ဆေးရုံဟာ ကျန်းမာရေးအာမခံမရှိတဲ့၊ ဆေးဖိုးမပေးနိုင်လောက်အောင် ဆင်းရဲလွန်းတဲ့ ထိုင်းနိုင်ငံသား မဟုတ်တဲ့ လူနာအမြောက်အမြားကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013