DVB Logo
Home
မြန်မာသတင်း
ရေကြီး မြေပြိုခဲ့သည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ရုပ်အလောင်း ၃၀ ကျော်တွေ့
DVB
·
September 16, 2024
ရေကြီး မြေပြိုခဲ့သည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ရုပ်အလောင်း ၃၀ ကျော်တွေ့
1 / 6
Donate to DVB

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ရေကြီးမြေပြိုမှု​ဒဏ် ခံခဲ့ရတဲ့ သပြေပင်ကျေးရွာကနေ စက်တင်ဘာ ၁၅ ရက်အထိ ရုပ်အလောင်း ၃၀ ကျော်တွေ့ရှိထားပြီး ရွာခံအများအပြား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့၀င်တယောက်က “သပြေပင်တရွာလုံးက မြေအောက် ရောက်သွားတာ ဆိုတော့လေ သေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိရသေးဘူး။ ဒိုက်ပုံတွေ၊ သစ်ပင်အကြိုအကြားတွေနဲ့ အဆောက်အဦအပျက်တွေကြားထဲကနေ အလောင်း ၃၀ ကျော် တွေ့ထားတယ်။ ရေဘေးရှောင်နေတဲ့ ရွာခံတွေ ပြောစကားအရ ပျောက်ဆုံးသူ အရေအတွက်က များတယ်။ မြေစာတွေကိုဖော်ရင် DB တွေ ထပ်တွေ့နိုင်သေးတယ်”လို့ DVB ကို ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရမည်းသင်းမြို့နယ်ထဲက ကျေးရွာအများအပြား တောင်ကျချောင်းရေ တိုက်စားသွားပြီး သပြေပင်ကျေးရွာ အပါအ၀င် တောင်ပေါ်ကျေးရွာတွေ ဖြစ်ကြတဲ့ အရှေ့ပင်ကျေးရွာ၊ ငါးတဲစုကျေးရွာ၊ ဝါးဖြူတောင်အထက်ကျေးရွာ၊ ဝါးဖြူတောင်အောက်ကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ ကြွက်တောကျေးရွာနဲ့ ကန်သာအေးကျေးရွာတွေဟာ တောင်ကျရေကြောင့် ရွာလုံးကျွတ် မြေဖုံးလွှမ်းသွားကာ မြေအောက်နစ်မြှုပ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတဲ့ ရမည်းသင်းမြို့ခံတယောက်က “ဖြစ်တဲ့နေ့နဲ့ဆိုရင် ၃၊ ၄ ရက်ရှိပြီဆိုတော့ ပြန်တွေ့ရတဲ့ အလောင်းတွေက ပုပ်ပွနေပြီ။ ပြန်တွေ့တဲ့ ၃၀ ကျော်ထဲမှာ တချို့အလောင်းတွေဆိုရင် ရုပ်တောင် ဖမ်းလို့မရတော့ဘူး။ ရေစီးနဲ့မျောပြီး ရွာလုံးကျွတ်ပါသွားတဲ့ တောင်ပေါ်ရွာတွေဆိုရင် ဘယ်လို့မှ တက်လို့မရသေးလို့ အခြေအနေတွေ ဘာမှမသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရေကြီးမှုကြောင့်  ရမည်းသင်းမှာ သေဆုံးသူ ၈ ဦးရှိတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြောထားပါတယ်။ 

ရမည်းသင်းမြို့နယ်ထဲက သပြေပင်ကျေးရွာ အပါအ၀င် ရေဘေးသင့် မြေပြိုတဲ့ဒဏ် ခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်တဲ့ နီးစပ်ရာနေရာတွေမှာ ယာယီပြောင်းရွှေ့ နေထိုင်နေကြရပြီး သောက်သုံးရေ၊ အ၀တ်အထည်၊ အစားအစာနဲ့ ဆေး၀ါးတွေအပြင် အရေးပေါ် လိုအပ်နေတယ်လို့လည်း ဆက်လက်ပြောပြပါတယ်။

ရမည်းသင်းမြို့နယ်အတွင်း ရေကြီး မြေပြိုမှုတွေကြောင့် ဒေသခံပြည်သူ ၂၃၀ ကျော် သေဆုံးပြီး ပြည်သူပိုင်မော်တော်ယာဥ် အစီး ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကာ အဆိုပါ ရေကြီး မြေပြိုဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေဆီကို ပြည်တွင်းအလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက အရေးပေါ်ကူညီဆောင်ရွက်ပေးနေကြပြီး စစ်ကောင်စီဘက်ကတော့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုပေးတာ မတွေ့ရသေးဘူးလို့လည်း ရမည်းသင်းမြို့ခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013