DVB Logo
Home
မြန်မာသတင်း
KNDF ဆေးသင်တန်းမှ သင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံး၊ လွိုင်ကော် စစ်ရှောင်များ ရေဘေးသင့်
DVB
·
September 13, 2024
KNDF ဆေးသင်တန်းမှ သင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံး၊ လွိုင်ကော် စစ်ရှောင်များ ရေဘေးသင့်
Donate to DVB

ကရင်နီပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး စက်တက်ဘာ ၁၁ ရက်က   ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနကနေ ကြီးမှူးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသား ၁၈ ယောက် ရေစီးနဲ့အတူ မျောပါ သေဆုံးသွားပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေက  သင်ခန်းစာ လေ့ကျင့်နေချိန် ရေချောင်းတခုကို ဖြတ်ကျော်ဖို့  ကြိုးစားအားထုတ်ရာမှာ မတော်တဆဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား ၁၈ ယောက်  ရေထဲမျောပါကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

ဆေးသင်တန်းဟာ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ  ပိုမိုတိုးတက် ကောင်းမွန်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

အခု မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား ၁၈ ယောက် ဆုံးရှုံးခဲ့ရတဲ့ အပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ များစွာ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီမတော်တဆဖြစ်စဉ်ကို KNDF ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မိဘပြည်သူတွေကို ထုတ်ပြန် အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။

KNDF နဲ့အတူ တပ်ပေါင်းစုံအနေနဲ့ လိုအပ်နေတဲ့ လူ့အရင်းအမြစ်တွေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့အရှေ့ခြမ်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ​နဲ့အတူ ပွန်ချောင်းရေ မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းတွေမှာ ရေဘေးဒဏ် သင့်ခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ပွန်ချောင်းရေဟာ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး ည ၉ နာရီခန့်မှာ စစ်ရှောင်စခန်း အမှတ် ၁ မှ ၇အထိ တဲတော်တော်များများဟာ ရေဖုံးလွှမ်းခဲ့တယ်လို့ ဒေသခံတဉီးက DVB ကိုပြောပါတယ်။

“မိုးက တပေါက် နှစ်ပေါက် နည်းနည်းပဲကျတာ၊ အဲ့မှာ အပေါ်က ရေတွေဆင်းလာပြီး ရေတရိပ်ရိပ် တက်လာခဲ့တာ တဲတွေလည်း ရေအောက်ရောက်သွားတော့ ရေနဲ့ပဲ မျောသွားလား၊ အကောင်းအတိုင်း ကျန်ခဲ့သေးလား ဘယ်သူမှမသိဘူး။”

ရေဘေးဒဏ်သင့် စစ်ရှောင်ပြည်သူတွေကို Karenni Free Burma Ranger, Nway Oo Gugu Lay Myar များ စတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်တွေက ရေဘေးလွတ်ရာ ဒေသတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်နီ ဖရီးဘားမားရိန်းဂျား ဒုတာဝန်ခံ ကိုအောင်ကြီးက “အခုက ကယ်ဆယ်ရေးသွားလုပ်တဲ့အဖွဲ့က အခုထိ ပြန်မလာသေးဘူး။ မနက်ဖြန်လည်း ဆက်လုပ်ဦးမယ်။ စစ်ရှောင်တွေရဲ့ တဲတော်တော်များများကတော့ ရေထဲမျောပါသွားပြီ။ တချို့လည်း ဒီ ပွန်ချောင်းထဲမှာ ရေထဲပြုတ်ကျ ဆုံးပါးသွားခဲ့တာတွေလည်း ရှိတယ်။ အခုကတော့ တဲတွေပြန်လည်တည်ဆောက်ဖို့ အများကြီးလိုအပ်နေသေးတာပေါ့” လို့ DVB ကို ပြောပါတယ်။

အရင်နှစ်တွေက အခုပုံစံမျိုး ရေကြီးရေလျှံမှုတွေ မရှိခဲ့တာကြောင့် ပြင်ဆင်မှုအားနည်းခဲ့ကြပြီး စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်း၊ နှမ်းခင်းနဲ့ ရိတ်သိမ်းပြီးသား နှမ်းတွေပါ ရေနဲ့ပါသွားခဲ့တာကြောင့် ဆုံးရှုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ၃၀၀,၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး ရေဘေးဒဏ် စစ်ဘေးဒဏ်ကို ဆက်တိုက်ဆိုသလို ခံစားနေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013