
Huawei ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ဖို့နဲ့ Apple ရဲ့ အာရုံစိုက်ခံရမှုတွေကို ခိုးယူဖို့ ဒေါ်လာ ၂,၈၀၀ တန် ၃ ခေါက်ချိုးဖုန်းကို စက်တင်ဘာ ၁၀ ရက်က မိတ်ဆက်ခဲ့ပါတယ်။
ဒါဟာ Apple က ဖုန်းအသစ်မိတ်ဆက်ပြီး နာရီပိုင်းအကြာမှာပဲ ၃ ခေါက်ချိုးနိုင်တဲ့ Huawei Mate XT ကို ပြသခဲ့တာဖြစ်ပါတယ်။
Huawei ကုမ္ပဏီက ၃ ခေါက်ချိုးဖုန်းအတွက် အာမခံမပေးဘဲ ကြိုတင်မှာယူသူ ၄ သန်းကျော် ရှိတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒုတိယ ၃ လပတ်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ မှာယူသူ ၄ သန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
“လူတိုင်း တွေးနိုင်ပေမဲ့ မလုပ်နိုင်တဲ့ ထုတ်ကုန်တခု ကျနော်တို့ ဒီနေ့ ယူဆောင်လာပါပြီ။ ကျနော်တို့အဖွဲ့ဟာ ၅ နှစ်ကြာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး ဘယ်တော့မှ လက်မလျှော့ခဲ့ပါ။ ဒီနေ့ ကျနော်တို့ သမိုင်းစာမျက်နှာမှာ ပြန်လည်ရေးသားခွင့်ရမှာဖြစ်ပြီး ခေါက်ဖုန်းတွေရဲ့ ခေတ်သစ်အဖြစ် ဦးဆောင်နိုင်ပြီဖြစ်ပါတယ်” လို့ Huawei အမှုဆောင်ချုပ် ရစ်ချက်ယူက ပြောပါတယ်။
အသစ်ထွက်မယ့် ၃ ခေါက်ချိုးဖုန်းမှာ Text အတွက် AI အကူအညီ ပါဝင်မှာဖြစ်ပြီး ဘာသာပြန်ခြင်းနဲ့ တည်းဖြတ်ခြင်းတို့အတွက်လည်း Function တွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီဖုန်းမှာပါဝင်တဲ့ AI စနစ်ဟာ ဓာတ်ပုံတွေကို Edit လုပ်ပေးနိုင်သလို မလိုတဲ့ အစိတ်အပိုင်းတွေကိုလည်း လှီးဖြတ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
Huawei ဟာ AI အတွက် Kylin Chip ကို အသုံးပြုထားပါတယ်။ Mat XT ၃ ခေါက်ချိုးဖုန်းဟာ ၁၀ ဒသမ ၂ လက်မ မျက်နှာပြင်ရှိပြီး ကုမ္ပဏီကတော့ Keyboard ပါတဲ့ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်းလို့ ကြေညာထားပါတယ်။
၃ ခေါက်ချိုး စမတ်ဖုန်းဟာ ၂၅၆ Gigabytes ကို ဒေါ်လာ ၂,၈၀၀ ကနေ စတင်မှာဖြစ်ပြီး Memory တိုးတဲ့အပေါ်မူတည်ပြီး ဈေးနှုန်းပိုများမှာ ဖြစ်ကာ Apple လိုပဲ စက်တင်ဘာ ၂၀ ရက်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။
Source-Reuters











