DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်တပ် လေကြောင်းက ဗုံးကြဲ
DVB
·
September 11, 2024
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်တပ် လေကြောင်းက ဗုံးကြဲ
Donate to DVB

သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က  လေ‌ကြောင်းကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၂၅ ရက်ကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာနဲ့ တပ်ရင်းတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့  အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့်  စက်တင်ဘာ ၁၀ ရက် မနက် ၂ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၅ လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က  ကြည်းကြောင်းကနေ  ထိုးစစ်မလုပ်နိုင်တော့တာကြောင့် လေကြောင်းတခုကိုပဲ အားကိုးပြီး နေ့ ည ဗုံးကြဲနေတယ်လို့  မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“လေကြောင်းက တောက်လျှောက် နေ့ကော ညကော ဗုံးကြဲနေတယ်။ သူတို့ ကြည်းကြောင်းအနေနဲ့  ထိုးစစ်က မလုပ်နိုင်တော့ဘူးလို့ ယူဆတယ်။ အဲတော့ လေကြောင်းတခုကိုပဲ အားကိုးနေရတယ်။ အခုလက်ရှိ ဒီလပိုင်းထဲမှာဆိုရင် တောက်လျှောက် ပြည်သူတွေ ထိခိုက်မှု များများလာတယ်၊ မြင့်တက်လာတယ်။”

ဒါ့အပြင်  စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီရဲ့ ဝဲကလီအမြောက်တပ်၊ တောင်ကလေးကျေးရွာနဲ့ မုဒုံကနေ လက်နက်ကြီး ပစ်ကူပေးနေပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၂ နာရီလောက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်  ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ ကြွက်မနိုင် ကျီမီးရှို့တာဖြစ်ပြီး  လက်နက်ကိုင်အချင်းချင်း မဖြေရှင်းဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်အဖြစ် လုပ်တာဟာ  နိုင်ငံတကာနဲ့ ကုလသမဂ္ဂထုတ်ပြန်တဲ့ ဥပဒေတွေကို ချိုးဖောက်နေတာလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတဦးက “ကြွက်မနိုင် ကျီမီးရှို့။ သူတို့လုပ်တာက တိုင်းရင်းသားလက်နက်ကိုင်ပဲပြောပြော၊ PDF ပဲပြောပြော၊ လက်နက်ကိုင်တဲ့သူကို လက်နက်ကိုင်တဲ့သူ အချင်းချင်း မဖြေရှင်းဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်အဖြစ် လုပ်တာဟာ  ဒါက နိုင်ငံတကာရဲ့ ဥပဒေကိုလည်း ချိုးဖောက်တယ်။ ကုလသမဂ္ဂ ထုတ်ပြန်တဲ့ ဥပဒေကိုလည်း ချိုးဖောက်နေတာ အရေးယူလုပ်ဆောင်ဖို့ သင့်ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်   စစ်ရှောင်ပြည်သူတွေဟာ စစ်ဘေးအပြင် ရေကြီးရေလျှံမှုတွေကြောင့်  ရေဘေးပါ ရင်ဆိုင်နေရပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ မိုးကာလ ရာသီတုပ်ကွေးနဲ့ ဖျားနားတာတွေရှိပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013