DVB Logo
Home
မြန်မာသတင်း
မိုးမောက် ခမရ-၄၃၇ ကိုပြန်ရရန် စစ်တပ်က လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်
DVB
·
September 11, 2024
မိုးမောက် ခမရ-၄၃၇ ကိုပြန်ရရန် စစ်တပ်က လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်
Donate to DVB

ကချင်ပြည်နယ်ထဲက မိုးမောက် ခမရ-၄၃၇ ကိုပြန်ရဖို့ စစ်တပ်က ဗန်းမော်ကနေ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေပြီး ရွှေကူကိုလည်း စစ်ကူသင်္ဘောတချို့ ရောက်ရှိနေတယ်လို့ KIA ဘက်က အတည်ပြုပါတယ်။ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မိုးမောက် ခမရ-၄၃၇ တပ်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဦးဆောင်တဲ့တပ်တွေက ဩဂုတ် ၁၉ ရက်မှာသိမ်းပိုက်လိုက်ပြီး အခုဆို ၂၄ ရက်အထိ ကြာမြင့်လာပါပြီ။

ဗန်းမော်မြို့အတွက် အရေးပါတဲ့ အဲဒီနေရာကိုပြန်ရဖို့ စစ်တပ်က ဩဂုတ်လနှောင်းပိုင်းထဲကစလို့ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေသုံးပြီး မြေပြင်ကနေပါ အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေပါတယ်။

KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “လက်နက်ကြီးနဲ့ ပစ်လိုက်၊ မြေပြင်ကနေ ပြန်ထိုးလိုက်၊ ကျAEာ်တို့ KIA နဲ့ တပ်ပေါင်းစုအဖွဲ့တွေလည်း ခုခံလိုက်နဲ့ နေ့တိုင်းပုံစံပေါ့။ နေ့တိုင်း တိုက်ပွဲကတော့ ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ် အဲဘက်မှာတော့။ သူတို့ စစ်သင်္ဘောတွေ တက်လာတယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ကျနော်တို့ဘက်ကနေလည်း ခုခံပစ်ခတ်မှုတွေလည်း ရှိခဲ့တာပေါ့။ ရွှေကူဘက်ကို ဆိုက်တယ်ဆိုတဲ့ သတင်းကိုတော့ကြားတယ်။ ဒါပေမဲ့ အဲဒီသတင်း အစအနကတော့ ပြန်ပြီးမှ ရွှေကူဘက်ကနေ ဗန်းမော်ဘက်ကိုဆက်တက်တဲ့ သတင်းကတော့ မကြားရသေးပါဘူး။” လို့ ပြောပါတယ်။

ဗန်းမော်ကနေလာရင် မိုးမောက်မြို့မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲအဓိကရှိနေပြီး စစ်တပ်က အောင်မြေကျေးရွာမှာ နေရာယူထားကြောင်း ဗန်းမော်ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ရိက္ခာ၊ လက်နက်ဖြည့်တင်းဖို့ မန္တလေးကနေ ဧရာဝတီမြစ်ကိုဆန်ပြီး ဗန်းမော်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောတချို့ဟာလည်း လမ်းတလျှောက်တိုက်ခိုက်ခံခဲ့ရပြီးနောက် စက်တင်ဘာလဆန်းပိုင်းမှာ ရွှေကူမြို့ကို ရောက်ရှိလာကြောင်း သိရပါတယ်။

ဗန်းမော်မြို့ခံ စစ်ရှောင်တဦးက “ကျနော်တို့ ပတ်ပတ်လည်တော့ ဆိုးနေတာပေါ့ဗျာ။ ၄၃၇ ကျပြီးနောက်ပိုင်း သူတို့က အကုန် ဖြတ်လေးဖြတ် ပုံစံမျိုးလုပ်နေတာပေါ့။ ဘယ်လိုပြောရမလဲ၊ အခု ခရမ်းချဉ်သီး ၁ ပိဿာကိုတောင် ၂ သောင်းလောက်ဖြစ်နေတာဗျာ။ ဆီ ၁ လီတာကိုတောင်မှ ၁၈၀၀၀ လောက်ဖြစ်နေပြီ။ အရင်ဈေးနဲ့ဆိုရင် ၂ ဆလောက်တက်သွားတာပေါ့။ ဗန်းမော်မြို့ဆိုရင် အလုပ်က ဘာအလုပ်မှလုပ်စရာ မရှိတော့ဘူးလေ။ ဝယ်စားလို့လည်း အဆင်မပြေ၊ သွားလာလို့ အဆင်မပြေတဲ့အခါကျတော့ ၃ ပုံ ပုံရင် ၁ ပုံလောက်ကတော့ အပြင်ထွက်ကြတာပေါ့။ ဝန်ထမ်းတော်တော်များများလည်း အကြီးပိုင်းတွေကတော့ ထွက်သွားကြပြီပေါ့ဗျာမြို့မှာ မနေတော့တာပေါ့။”

တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့မှာ ကုန်ပစ္စည်းပြတ်လပ်လာပြီး ပိုက်ဆံတတ်နိုင်သူ အများစုကတော့ မြို့ကိုစွန့်ခွာသွားကြပြီလို့ မြို့ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းကတည်းက မိုးမောက်မြို့ခံအပါအဝင် စစ်ရှောင်အများစုကတော့ ဗန်းမော်မြို့ထဲကို တိမ်းရှောင်နေကြပြီး အခုချိန်မှာတော့ ဗန်းမော်နဲ့ မိုးမောက်ကြားမှာလည်း နေထိုင်သူမရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။

လတ်တလော ဗန်းမော်အပါအဝင် ကချင်တပြည်နယ်လုံးနီးပါးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် စစ်ရှောင်တွေရဲ့အခြေအနေနဲ့ အသေးစိတ်အချက်အလက်တွေ DVB က စုံစမ်းနေတုန်းဖြစ်ပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013