DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင်  စစ်တပ်ဗုံးကြဲသဖြင့် ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦး သေဆုံး
DVB
·
February 19, 2025
မိုးမောက်တွင်  စစ်တပ်ဗုံးကြဲသဖြင့် ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦး သေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်ကျေးရွာအုပ်စု ဝငန်း (Wa Ngan) ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက် ဒီမနက် ၁ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ယောက် သေဆုံးပြီး  ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ၇ ယောက်ကတော့ မိသားစုလိုက်သေဆုံးတာဖြစ်ပြီး အသက် ၃ နှစ်၊ ၉ နှစ်နဲ ၁၀ နှစ်အရွယ် ကလေး ၃ ယောက် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်အစောကြီး ဖြစ်သွားတာ။ မိသားစုလိုက် ၇ ယောက်။ ကလေးက ၃ နှစ် မိန်းကလေး၊ ၁၀ နှစ်လည်း မိန်းကလေး၊ ယောက်ျားလေးက ၉ နှစ်။ အလောင်းတွေက တစစီပဲ။ မိသားစုဟုတ်တယ်၊ ၇ ယောက်လုံးက။ အိမ်တွေလည်း ပျက်စီးသွားတယ်”

KIO သတင်းနဲ့ပြန်ကြားရေးဌာနကလည်း စစ်ကောင်စီကြဲတဲ့လေယာဉ်ဗုံးဟာ မိုးမောက်မြို့နယ် ဝငန် (Wa Ngang) ရွာက ဦးမောင်ဦးရဲ့ နေအိမ်ထဲကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကလေး ၃ ယောက် အပါအဝင် မိသားစု ၇ ယောက် သေဆုံးခဲ့ကြောင်းနဲ့ နန်းအီ (Nang I) ကျေးရွာမှာလည်း လေယာဉ်ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ကလေး ၁ ယောက် အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြထားပါတယ်။

မိုးမောက်မြို့နယ်ဟာ လက်ရှိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့နဲ့ နယ်မြေချင်းထိစပ်တဲ့ မြို့နယ်ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်တဲ့ ဗန်းမော်မြို့ လက်မလွှတ်ရေးအတွက် အလူးအလဲခုခံနေရချိန် မြေပြင်တိုက်ပွဲမဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တခြားဒေသတွေကိုလည်း လေကြောင်းနဲ့ ဒရုန်းတွေအသုံးပြု တိုက်ခိုက်နေတေဖြစ်ပါတယ်။

အခု ဖေဖော်ဝါရီလအတွင်းမှာပဲ ကချင်ပြည်နယ‌ေနေရာအနှံ့အပြားမှာ တိုက်ပွဲဖြစ်ပွားတမရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကိုပစ်မှတ်ထားပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013